လူငယ်နဲ့ ခရီးသွားခြင်းအနုပညာ ၁

လူငယ်နဲ့ ခရီးသွားခြင်းအနုပညာ ၁

 

ပြီးခဲ့တဲ့ လဆန်းပိုင်းကတည်းက ဆက်တိုက်ဆိုသလို ကျနော် ခရီးထွက်ခဲ့ပါတယ်။ ခရီး နှစ်ကြိမ်ထွက်ခဲ့ပါတယ်။ ပထမအကြိမ်က ကရင်ပြည်နယ် ဖါးအံမြို့အနီးက ဇွဲကပင်တောင်ကိုသွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို သွားခဲ့တာပါ။

ဒီခရီးစဉ်တွေအပေါ်မူတည်ပြီး လူငယ်တွေ ခရီးများများ သွားသင့်တဲ့အကြောင်း ဆွေးနွေးစရာ ရှိလာလို့ မူလဆွေးနွေးလက်စ “လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ”အကြောင်းအရာကို ခဏရပ်ထားပြီး လူငယ်နဲ့ ခရီးသွားခြင်းကိစ္စ ဆွေးနွေးလိုပါတယ်။ ဒါပြီးရင်တော့ မပြီးပြတ်သေးတဲ့ လူငယ်နဲ့ မြန်မာစာအရေးအသားပြဿနာကို ဆက်သွားပါမယ်။

ကျနော်တို့မြန်မာလူမျိုးတွေမှာ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ ပုံပြင်တစ်ခုရှိပါတယ်။ မောင်ပေါက်ကျိုင်းပုံပြင်ပါ။ အဲဒီပုံပြင်ထဲမှာ သွားပါများခရီးရောက်၊ မေးပါများစကားရ ဆိုတဲ့ဆောင်ပုဒ်ဟာ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ အသည်းစွဲဆောင်ပုဒ် အသားကျလွန်းနေတဲ့ဆောင်ပုဒ်ပါ။ ဒါပေမယ့်လည်း ကျနော်တို့လူမျိုးတွေဟာ အခုထက်ထိ ထိရောက်တဲ့ခရီးသွားလာခြင်းယဉ်ကျေးမှုကို အာရုံမစိုက်နိုင်ကြသေးတာ ဝမ်းနည်းဖို့ကောင်းပါတယ်။ ဥပမာဆိုပါတော့ အခုထက်ထိ တောလက်ကျေးရွာတွေမှာ ဟိုဘက်ရွာသည်ဘက်ရွာခရီးကို သားသမီးတစ်ယောက်ထဲ မလွှတ်ချင် မလွှတ်ရဲတဲ့မိဘတွေနဲ့ မိန်းကလေးတစ်ဦးတည်းခရီးသွားခြင်းကို ဆန့်ကျင်အထင်သေးတဲ့ အမြင်အယူအဆ အားကောင်းကောင်းနဲ့ကျန်နေသေးတာ တွေ့နေရပါသေးတယ်။

ကျနော်နေခဲ့ဖူးတဲ့ ဥရောပတိုင်းပြည်တစ်ခုမှာဆိုရင် အသက် ၂၀ အရွယ်လူငယ်တွေဟာ ခရီးအသွားအလာဆုံးအရွယ်တွေဖြစ်နေတာတွေ့ခဲ့ရပါတယ်။ ပြီးတော့ သူတို့စိတ်ဝင်တစား သွားလာချင်တဲ့ဒေသတွေဟာ ကမ္ဘာကြီးရဲ့ ပြဿနာပေါင်းစုံရှိနေတဲ့နေရာတွေနဲ့ ဒုက္ခဆင်းရဲရောက်နေတဲ့ဒေသတွေအပေါ် အာရုံပိုစိုက်ကြတာလည်း တွေ့ခဲ့သိခဲ့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင် ၁၉၉၆ ခုနှစ်ထဲတုန်းက ဘော့စနီးယားမှာ မွတ်ဆလင်နဲ့ ခရိယာန်ဘာသာဝင်တွေ ပဋိပက္ခဖြစ်တဲ့အခါ စစ်ဘေးဒုက္ခသည်တွေ သန်းချီပြီးရှိလာခဲ့ရပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ အစုအပြုံလိုက်သတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။ တနေ့တော့ ကျနော့်မိတ်ဆွေ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အဲဒီ စစ်မက်ဖြစ်ပွားနေတဲ့နေရာ ဒုက္ခသည်ကူညီကယ်ဆယ်ရေးစခန်းတွေမှာ ခြောက်လတိတိ သွားရောက်ကူညီ နေခဲ့ဖူးပါတယ်။ ပြန်ရောက်ပြီး ကျနော်နဲ့တွေ့တဲ့အခါ သူ အခုလိုသွားရောက်ခဲ့ခြင်းဟာ ရည်ရွယ်ချက်နှစ်ခုရှိတဲ့အကြောင်း၊ တစ်ခုက ဗဟုသုတရရှိဖို့ နောက်တစ်ခုက ဒုက္ခသည်တွေကို ကူညီချင်လို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူက ကျောင်းပြီးကာစအရွယ်ပါပဲ။ အဲဒီဒေသကိုသူသွားတဲ့အခါ သူ့မိဘတွေနဲ့ သူ့သူငယ်ချင်းတွေက သဘောတူထောက်ခံကြောင်းနဲ့ သူဟာ သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူစရာခရီးတစ်ခုထွက်နိုင်ခဲ့သူအနေနဲ့ ပျော်ရွှင်ခဲ့ရကြောင်းလည်း ပြောပြပါတယ်။ သူတို့နိုင်ငံ သူတို့ယဉ်ကျေးမှုမှာတော့ လူငယ်တွေ အထူးသဖြင့် ကယ်ရွယ်တဲ့ မိန်းကလေးတွေသည်ပင်လျင် ခရီးထွက်ခြင်းအလုပ်နဲ့ အသားကျနေတာတွေ့ခဲ့ရပါတယ်။ အဲဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနဲ့ စာမတတ်သူမရှိတဲ့နိုင်ငံ၊ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံဖြစ်လာတာဟာ တခြားတိုးတက်ရာတိုးတက်ရာနည်းများနဲ့အတူ အဲဒီ ခရီးသွားလာခြင်းယဉ်ကျေးမှုမြင့်မားလာနေတဲ့အချက်ကလည်း တစ်ချက်အပါအဝင်ပါပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်လည်း ကျနော်ဟာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတချို့မှာနေခဲ့ဖူးပါသေးတယ်။ ဒီတုန်းကလည်း ကြောပိုးအိတ်တစ်လုံးလွယ်ပြီး ရောက်ရာနေရာမှာ ဖြစ်သလိုအိပ်ကြုံသလိုစားပြီး ခရီးထွက်ကြတဲ့ အသက် ၂၀ အရွယ်ဥရောပကမ္ဘာလှည့်ခရီးသည်တွေကို နေ့တိုင်းလိုပဲ မြင်တွေ့ခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့တပါတ်က ကျနော် ထားဝယ်ဘက်ကို ခရီးထွက်တဲ့အခါ ထားဝယ်မြို့နဲ့ နာရီဝက်လောက် ကားစီးသွားရင်ရောက်တဲ့ လောင်းလုံးမြို့နယ်ထဲက သဘော့ဆိပ်ဆိုတဲ့ရွာကလေးမှာ ပင်လယ်ငါးဈေးကွက်တစ်ခုကို ရောက်ခဲ့ပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန် ဝေလီဝေလင်းအချိန်ဖြစ်သည့်တိုင် ကျနော်တို့နဲ့မရှေးမနှောင်းရောက်လာတဲ့ ထိုင်းနဲ့ အခြားကမ္ဘာလှည့်ခရီးသည်တချို့ကို တအံ့တသြတွေ့ခဲ့ရပါသေးတယ်။ အဲဒီအထဲမှာ အသက် ၂၀ အရွယ် လူငယ်တွေလည်းပါလာပါတယ်။ ဒီလောက် ချောင်ကျပြီး တခြားနိုင်ငံသားမပြောနဲ့ ကိုယ့်နိုင်ငံသားတွေသည်ပင်လျင် ဒီငါးဈေးကွက်ရွာကလေးဆီ ရောက်လာဖို့မလွယ်ကူတဲ့အခြေအနေမျိုးမှာ အခုလိုတွေ့လိုက်ရတော့ ကျနော်လည်း တော်တော်အံ့သြခဲ့ရပါတယ်။ သူတို့အထဲက ထိုင်းနိုင်ငံသားလူငယ်တစ်ဦးက မြန်မာစကားအနည်းငယ်နဲ့အင်္ဂလိပ်လိုပြောတတ်တာတွေ့ရလို့ ဘာပြုလို့ ဒီရွာကလေးအထိ လာလည်ရတာလည်း မေးကြည့်တော့ သူ့မိဘတွေက ငါးကုန်သည်တွေဖြစ်တဲ့အကြောင်း၊ သူက ငါးတွေကို စိတ်ဝင်စားတဲ့အကြောင်း ခရီးသွားရတာ ဝါသနာပါကြောင်း၊ ဗမာပြည်ကို စိတ်ဝင်စားကြောင်း ရှင်းပြသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံခြားဝင်ငွေ အများကြီးရနေတာ အားလုံးအသိပါပဲ။ ခရီးထွက်ခြင်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အလုပ်တစ်ခုဖြစ်သလို အင်မတန် အကျိုးရှိတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ တိုင်းပြည်ဝင်ငွေ မြိုးမြိုးမျက်မျက်ရအောင် ဖန်တီးနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်တစ်ခု ရှိပါတယ်။ “ထိုင်းလို ထီယို မူအန်ထိုင်း မိုက်ပိုင် မိုက်လူး” တဲ့ အဓိပ္ပါယ်က “ထိုင်းနိုင်ငံမှာ ခရီးသွားပါ မသွားရင် မသိဘူး” လို့ ဆိုလိုပါတယ်။ တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ သစ်လွင်လတ်ဆတ်တဲ့ ဆောင်ပုဒ်လို့ပဲ ပြောရမှာပါ။ ကျနော်တို့မှာ ရှိပြီးသားဖြစ်တဲ့ မောင်ပေါက်ကျိုင်းရဲ့ “သွားပါများ ခရီးရောက် မေးပါများ စကားရ” ဆိုတဲ့ စကားလိုပါပဲ။

တကယ်စဉ်းစားမယ်ဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားလာမှုကို ခုံမင်ကြတဲ့လူမျိုးတွေ နိုင်ငံတွေဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်ခဲ့တာ ဖြစ်နေတာ တွေ့ကြရမှာပါ။ ကမ္ဘာကြီးအနှံ့ ခရီးသွားခဲ့ကြတဲ့ ပေါ်တူဂီတို့ ဒတ်ချ်တို့ဟာ ဘယ်လိုနိုင်ငံတွေဖြစ်ခဲ့ကြသလဲ။ အနီးကပ်ဆုံးပြောရရင် အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ ထိုင်းတို့သည်ပင်လျင် ဘယ်လိုအောင်မြင်ထွန်းကားနေတဲ့တိုင်းပြည်မျိုးလည်း။ အားလုံးအသိပဲဖြစ်ပါတယ်။ ခရီးသွားခြင်းဟာ သင့်ခေါင်းထဲမှာ ပြတင်းပေါက်တစ်ခုဖွင့်လိုက်တာပါပဲဆိုတဲ့စကားလည်း ရှိပါတယ်။ သေချာတာကတော့ အတွေ့အမြင်သစ်တွေ မြင်ရသိရကြားရတော့မှာသေချာပါတယ်။

လူငယ်ဆိုတာ ကဗျာဆန်ဆန်ပြောရရင် ပင်လယ်ထဲရွက်လွှင့်ဖို့အကောင်းဆုံး လှေငယ်ကလေးတစ်စင်းပါပဲ။ လူငယ်တွေ အတတ်နိုင်ဆုံး ရွက်လွှင့်ကြစေချင်တယ်။ လူတွေအကြောင်း တောတောင်တွေနဲ့ ပင်လယ်တွေအကြောင်း၊ တိုင်းနိုင်ငံတွေအကြောင်း ခရီးသွားခြင်းဖြင့် သိရှိစေချင်တယ်။

နောက်တနေ့ပြန်ဆုံတဲ့အခါ ကျနော် သွားခဲ့ဖူးတဲ့ခရီးတချို့ ပြန်လည်မျှဝေရင်း လူငယ်တွေခရီးများများထွက်ကြဖို့ ကမ္ဘာတဝှမ်း ရွက်လွှင့်သွားလာကြဖို့ ထပ်ပြီး ဆွေးနွေးပါအုန်းမယ်။

လူငယ်တို့ရဲ့ မိုးကောင်းကင် သည့်ထက်ပိုပြီး ကျယ်ပြန့်နိုင်ပါစေ။

 

Mizzima Weekly