ဂျိမ်းဘွန်းကားကို ဒန်နီရယ်ခရိတ် လေလံတင်

ဂျိမ်းဘွန်းကားကို ဒန်နီရယ်ခရိတ် လေလံတင်

 

နာမည်ကျော်စပိုင်ရုပ်ရှင် ဂျိမ်းစ်ဘွန်းဇာတ်ကား ၄ကား၌ ပါဝင်သရုပ်ဆောင်ထားသော မင်းသားဒန်နီရယ်ခရိတ် သည် Aston Martin ကားကုမ္ပဏီမှ လွန်ခဲ့သော ၄ နှစ်က သူ့အတွက် ထုတ်လုပ်ပေးထားသော ကားတစ်စီးကို ပရဟိတရန်ပုံငွေအတွက် လေလံတင်ရောင်းချရန် စာရင်းပေးထားကြောင်း Christie’s လေလံကုမ္ပဏီက ကြာသာပတေးနေ့က ကြေညာခဲ့သည်။

Aston Martin ကားများကို ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲ၌ ထည့်သွင်းအသုံးပြုလာသည်မှာ နှစ်ပေါင်း ၅၀ နီးပါး ခန့်ရှိပြီဖြစ်ပြီး လွန်ခဲ့သော ၁၉၆၄ ခုနှစ်က ထွက်ရှိခဲ့သည့် Goldfinger ဆိုသော ဂျိမ်းစ်ဘွန်းဇာတ်ကားထဲ၌ မင်းသားကြီးရှောင်ကွန်နရီက ငွေရောင် Aston Martin DB5 ကားကို စတင်မောင်းနှင်ခဲ့သည်။

ဒန်နီရယ်ခရိတ်သည် သူပါဝင်သရုပ်ဆောင်ထားသော ဂျိမ်းစ်ဘွန်းဇာတ်ကား ၄ ကားစလုံးတွင် Aston Martin အမျိုးအစားကားကို မောင်းနှင်ခဲ့ပြီး လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ကုမ္ပဏီထူထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်း အမှတ်အနေဖြင့် အစီး ၁၀၀ ခန့်ထုတ်လုပ်ခဲ့သော 2014 Aston Martin Vanquish ကားကို ယခုလိုလေလံတင် ရောင်းချမည်ဖြစ်ကာ သူ၏ကိုယ်ပိုင်ကားနံပါတ်မှာ 007 ဖြစ်သည်။

လေလံတင်ရောင်းချမှုမှရရှိလာသော ငွေကြေးများကို နယူးယောက်အခြေစိုက် ပရဟိတအဖွဲ့အစည်း The Opportunity Network ထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့သည် ချို့တဲ့သောကျောင်း သားကျောင်းသူများအား ကောလိပ်တက်ရောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ကူညီပေး နေသည့်အဖွဲ့ဖြစ်သည်။

ဒန်နယ်ရီခရိတ်နှင့် သူ၏ဇနီးဖြစ်သူ မင်းသမီးရေချယ်ဝိဇ်တို့နှစ်ဦးစလုံးသည် ယင်းအဖွဲ့အစည်း၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ ဖြစ်ကြသည်။

လေလံတင်ရောင်းချမည့် ကား၏တန်ဖိုးမှာ ဒေါ်လာ ၄ သိန်းမှ ၆ သိန်းဝန်းကျင်ခန့်ဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ်ရှိ Christie’s လေလံအဖွဲ့၏ပြခန်းထဲ၌ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။

ထို့နောက်တွင် နယူးယောက်သို့ရွှေ့ကာ လာမည့်ဧပြီလ ၂၀ ရက်နေ့တွင် လေလံပွဲပြုလုပ်သွားမည်ဖြစ်သည်။

Ref: Reuters

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly