ခွေးလေးတွေအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ့် တရုတ်ခွေးနှစ်

ခွေးလေးတွေအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ့် တရုတ်ခွေးနှစ်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၆ ။                  ။ တရုတ် ခွေးနှစ်မှာ ရိုးရာအရ မစဉ်းစား မဆင်ခြင်ပဲ ခွေးဝယ်ယူမှုတွေ ရှိလာမှာ ဖြစ်တာကြောင့် တစ်ချို့သော ခွေးလေးများအတွက် စိန်ခေါ်မှုတွေ ကြုံလာမှာကို ဟောင်ကောင်က ခွေးဂေဟာတွေအနေနဲ့ စိုးရိမ်နေရပါတယ်။

ဟောင်ကောင်ကျွန်းက ခွေးဂေဟာတွေမှာ အများအားဖြင့် တွေ့နိုင်တာက အမွေးထူခွေးမျိုးဖြစ်တဲ့ poodles ခွေးမျိုးများဖြစ်ပြီး အခြားသော မျိုးကောင်းတဲ့ ခွေးတွေအနေနဲ့ Pomeranian၊ Shih Tzu၊ spniel နဲ့ Schnauzer ခွေးမျိုးတွေကိုလည်း တွေ့ရပါတယ်။

လနှစ်သစ်ကူးပွဲ မတိုင်မီမှာ ပိုင်ရှင်တွေက ခွေးတွေကို လာရောက်စွန့်ပစ်ကြတာ ပိုများကြောင်း ခွေးများ ကယ်ဆယ်ရေး အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ Hong Kong Dog အဖွဲ့ကို တည်ထောင်သူ ဆယ်လီအန်ဒါဆန်က ပြောပါတယ်။

“လူတော်တော်များများက တရုတ်နှစ်ကူးမှာ အားလပ်ရက် ခရီးထွက်ကြတယ်။ ဒီမှာ သူတို့ရဲ့ ခွေးတွေကို ဘာလုပ်ရမယ်ဆိုတာ မသိကြဘူး။ ဒါကြောင့်ပဲ လွယ်လွယ်ကူကူ ပေးပစ်လိုက်တာမျိုး လုပ်ကြတာဖြစ်တယ်။”ဟု ၎င်းက ဆိုပါတယ်။

တရုတ်ရဲ့ နှစ်သစ်ကူး ရိုးရာအရ နှစ်သစ်မှာ ကံဆိုးမှုတွေ ဝေးလွှင့်ပြီး ကံကောင်းမှုများ ဝင်ရောက်ဖို့အတွက် အိမ်ထဲရှိတဲ့ အဟောင်းအမြင်းတွေကို ဖယ်ရှားပြီး အိမ်သန့်ရှင်းရေး ကြီးကြီးကျယ်ကျယ် လုပ်ကြပါတယ်။

အဲဒီလို လုပ်ဆောင်မှုမှာ ဒုက္ခရောက်ရလေ့ရှိတာက အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ပါဝင်တတ်ပြီး အထူးသဖြင့် အသက်ရနေပြီဖြစ်တဲ့ ခွေးတွေကို ခွေးဂေဟာတွေဆီ ပို့တတ်ကြကြောင်း အန်ဒါဆန်က ပြောပါတယ်။ ခုနှစ်က ခွေးနှစ်ဖြစ်တဲ့အတွက် ဖက်ရှင်တစ်ခုလို ဖြစ်နေတဲ့ ခွေးလက်ဆောင်ပေးတာမျိုးဟာလည်း စိုးရိမ်စရာထဲမှာ ပါကြောင်း အန်ဒါဆန်က ဆိုပါတယ်။

“လူတွေက အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တွေကနေ ဝယ်ပြီး ပေးတာထက် တကယ် ရေရှည်မွေးမမွေး မကျိန်းသေဘူးဆိုရင် ခွေးဂေဟာတွေဆီက ခွေးတွေကိုပဲ လက်ဆောင်အဖြစ် ပေးလာနိုင်ပါတယ်။ ဒီအတွက် ဂေဟာမှာရှိတဲ့ ခွေးလေးတွေအတွက်က လက်ဆောင်အဖြစ် အရွေးခံဖို့ရာမှာ စိန်ခေါ်မှုတွေ ရှိနေတော့တာပဲဖြစ်တယ်။”ဟု အန်ဒါဆန်က ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဟောင်ကောင်က ခွေးဂေဟာတွေမှာ ကောင်ရေပေါင်း ၂၉၂၆ ကောင်ရေ လက်ခံထားရာမှာ ကောင်ရေ ၁၀၂၄ ကောင်က ပိုင်ရှင်များက လာရောက်စွန့်ပစ်ကြတဲ့ ခွေးများဖြစ်ကြောင်း ဟောင်ကောင် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ဌာနအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly