ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဦးဇော်ဇော် ဝင်ပြိုင်မည်

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဦးဇော်ဇော် ဝင်ပြိုင်မည်
၂၀၁၄ အာဆီယံအကောင်းဆုံးအဖွဲ့ချုပ်ဆုရ ဦးဇော်ဇော်နှင့် လူငယ်အကောင်းဆုံးဆုရ အောင်သူတို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအသစ် ရွေးကောက်ပွဲပြုလုပ်ရန် ကိုယ်စားလှယ်လောင်း စာရင်းပေးသွင်း ခွင့် ပိတ်မည့် သုံးရက်အလိုအထိ မည်သည့် ကိုယ်စားလှယ်လောင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်အတွက် ၎င်းသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု လက်ရှိဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

အဆိုပါ ဥက္ကဋ္ဌ ရွေးကောက်ပွဲစာရင်းတွင် ကိုယ်စားလှယ်လောင်းအဖြစ် သြဂုတ်လ ၂၆ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည် ဖြစ်ပြီး လာမည့်စက်တင်ဘာ ၂၆ ရက်တွင် ရွေးကောက်ပွဲ ကျင်းပသွား မည် ဖြစ်သည်။ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ရမည်ဖြစ်ပြီး စာရင်းမတင်သွင်းခင် နောက်ဆုံးငါးနှစ် အတွင်း ဘောလုံးလောကတွင် အနည်းဆုံး နှစ်နှစ်ဆက်တိုက် ကျင်လည်ပါဝင် ပတ်သက် လှုပ်ရှားဖူးသူ ဖြစ်ရမည် ဖြစ်သည်။

“ တခြားလုပ်နိုင်တဲ့သူတွေ အများကြီး ပေါ်လာမယ်လို့ ထင်ထားပေမယ့် အခု အနေအထားကတော့ ဘယ်သူ မှ စာရင်းပေးမယ့်သူ မရှိတဲ့အတွက် စိတ်မကောင်းပါဘူး။ သို့သော်လည်း ဒီ ဘောလုံးလောက ဆက်တိုးတက်ဖို့ အတွက် ကျွန်တော့်အနေနဲ့ လျှောက်လွှာတင်မယ့်သူ မရှိသေးဘူးဆိုရင် ကျွန်တော်နာမည် စာရင်းပေးပြီး ဆက်လုပ် သွားမှာပါ။ အဓိက အခုလိုနေတာက ကျွန်တော်တို့နိုင်ငံက အာဆီယံဘောလုံးလောကထက် ပို တိုးတက်ဖို့က ပို အရေးကြီးပါတယ်။ အာဆီယံမှာ ဒုဥက္ကဋ္ဌ ဖြစ်ပေမယ့် မြန်မာနိုင်ငံ ဘောလုံး တိုးတက်ဖို့ကို ၉၀ ရာခိုင်နှုန်းလောက် ကြိုးစားသွားမှာပါ ” ဟု ဦးဇော်ဇော်က အာဆီယံ ဆုပေးပွဲအပြီးတွင် ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ၂၀၀၅ ဖေဖော်ဝါရီလမှ စတင်ကာ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၎င်း တာဝန်ယူဆောင်ရွက်ချိန်၌ ၂၀၀၉ ခုနှစ်တွင် မြန်မာ့ဘောလုံး လောက ကို ပရော်ဖက်ရှင်နယ်လိဂ် စတင်ပေါ်ပေါက်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၅ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲတွင် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ထို့ပြင် အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ၂၀၁၂၊ ၂၀၁၄ အာဆီယံအကောင်းဆုံး အဖွဲ့ချုပ်ဆုကိုလည်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ နှစ်နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ယခုနှစ် ၂၀၁၅ တွင် အာဆီယံ ဘောလုံးအဖွဲ့အချုပ် ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ ရသည့် သူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly