မက္ကစီကိုသမ္မတလောင်း ယာဉ်မတော်တဆဖြစ်မှုအတွင်း ဒဏ်ရာရရှိ

မက္ကစီကိုသမ္မတလောင်း ယာဉ်မတော်တဆဖြစ်မှုအတွင်း ဒဏ်ရာရရှိ

 

မက္ကစီကိုစီးတီး၊ မက္ကစီကို၊ ဖေဖေါ်ဝါရီ ၁၆ ။             ။ မက္ကစီကိုသမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေသခံတိုင်းရင်းသူအမျိုးသမီးသမ္မတလောင်း လိုက်ပါ စီးနင်းလာခဲ့သော ဗင်ကားတစ်စီးသည် ဗုဒ္ဓဟူးနေ့က ယာဉ်မတော်တဆဖြစ်ပွားခဲ့ကြောင့် သမ္မတလောင်း ဒဏ်ရာရရှိခဲ့သလို သူမ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ သေဆုံးခဲ့ကြောင်း သူမ၏ပါတီက ထုတ်ပြန်ကြေညာခဲ့သည်။

ထောက်ခံသူများကြား မာရစ်ချူဝီဟု လူသိများသည့် မာရီယာဒီဂျီးဆပ်ပတ်ထရီစီယိုသည် မက္ကစီကိုနိုင်ငံ၏ ပထမဦးဆုံး ဒေသခံတိုင်းရင်းသူအမျိုးသမီးသမ္မတဖြစ်လာရန်အတွက် နိုင်ငံတစ်ဝန်းသို့ လှည့်လည်ကာ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေစဉ် ယခုလိုမတော်တဆဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ယင်းမတော်တဆဖြစ်ရပ်မှာ ဘာဂျာကယ်လီဖိုးနီးယားဆာ ပြည်နယ်အတွင်းရှိ ဝေးလံခေါင်သီသောဒေသ အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အဖွဲ့က မာရစ်ချူဝီနဲ့ ကောင်စီအမျိုးသမီး လူစာရိုအစ္စလာဗာတို့ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အမျိုးသားဒေသခံတိုင်းရင်းသားကွန်ဂရက်က သတင်းထုတ်ပြန်ခဲ့ပြီး မာရစ်ချူဝီ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ အမျိုးသမီးသေဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်ကြောင့် သမ္မတလောင်းပတ်ထရီစီယိုသည် လက်ဝဲလက်မောင်းကျိုးသွားခဲ့ပြီး သူမကို ပြည်နယ်မြို့တော် လာပတ်ဇ်မြို့ရှိဆေးရုံသို့ လေကြောင်းမှပို့ဆောင်၍ ကုသပေးခဲ့ကြောင်း ပြည်နယ်ကျန်းမာ ရေးဝန်ကြီး ဗစ်တာဂျော့ဖလောရက်စ်က ပြောခဲ့သည်။

လက်ရှိသမ္မတ အင်းနရစ်ပီနာနီယက်တိုကလည်း ယင်းဖြစ်ရပ်နှင့်ပက်သက၍ “မာရီယာဒီဂျီးဆပ်ပတ်ထရီစီယို နဲ့ သူမရဲ့အပေါင်းအပါတွေရဲ့ မတော်တဆသတင်းကိုကြားရတာ ကျနော်အရမ်းဝမ်းနည်းမိပါတယ်”ဟု သူ၏ တွစ်တာ၌ ရေးသားခဲ့သည်။

အသက် ၅၄နှစ်အရွယ်ရှိ မာရီချူဝီသည် နာဟွာတယ်လ် တိုင်းရင်းသားအဖွဲ့မှဖြစ်ပြီး လာမည့်ဇူလိုင်လ ၁ရက်နေ့ တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ လက်ရှိသမ္မတပီနာနီယက်တို၏ ရာထူးကိုရယူနိုင်ရန်အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်သွားရန် လိုအပ်သောမဲလက်မှတ် တစ်သန်းကျော်ရရှိဖို့ ကြိုးပမ်းနေသည်။

အဆုံးမသတ်နိုင်တော့သည့် အကျင့်ပျက်ခြစားမှုဖြစ်ရပ်များ၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ပြစ်မှုများ၊ ပြည်သူများစိတ်ပျက်နေသော နိုင်ငံရေးပါတီများရှိနေသည့် မက္ကစီကိုနိုင်ငံကို ဦးဆောင်နိုင်ရန်အတွက် မာရီချူဝီ အား အခြေခံလူတန်းစားများက အပြည့်အဝထောက်ခံနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly