ဖေဖော်ဝါရီလ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)နေရာ အပြောင်းအလဲမရှိ၊ မြန်မာအသင်း အဆင့် (၂)ဆင့် ကျဆင်း

ဖေဖော်ဝါရီလ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)နေရာ အပြောင်းအလဲမရှိ၊ မြန်မာအသင်း အဆင့် (၂)ဆင့် ကျဆင်း
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဖေဖော်ဝါရီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ ထိပ်ဆုံး (၁၀) နေရာ အပြောင်းအလဲမရှိခဲ့ဘဲ ဂျာမနီအသင်းက ဆက်လက်ဦးဆောင်နေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တဲ့ အိုင်စလန်အသင်းမှာ အဆင့်တက်လာခဲ့ပါတယ်။ မြန်မာအသင်းမှာမူ အဆင့် (၂)ဆင့် ကျဆင်းသွားခဲ့ပါတယ်။

ဒီလရဲ့ အဆင့်သတ်မှတ်ချက်မှာ အိုင်စလန်အသင်းဟာ အဆင့် (၂)ဆင့် ခုန်တက်လာပြီး ထိပ်ဆုံး  (၂၀) နေရာအတွင်း အဆင့် (၁၈)မှာ အကောင်းဆုံး ရပ်တည်နိုင်ခဲ့ပါတယ်။

အဆိုပါကျွန်းနိုင်ငံဟာ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ဇွန် ၁၆ ရက်၊ မော်စကိုရှိ Spartak ကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ထိပ်ဆုံး (၁၀) နေရာကို ဦးဆောင်နေတဲ့ ဂျာမနီရဲ့ နောက်မှာ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပိုလန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ချီလီတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

အာဆီဒေသအတွင်းမှာတော့ ဗီယက်နမ်အသင်းက အပြောင်းအလဲမရှိဘဲ ကမ္ဘာ့အဆင့် ၁၁၂ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲနောက်မှာ ဖိလစ်ပိုင်၊  ထိုင်းတို့ ရှိနေပါတယ်။

မြန်မာအသင်းက ပြီးခဲ့တဲ့ ကမ္ဘာ့အဆင့်မှာ ၁၄၀ မှ အဆင့် (၂)ဆင့် ကျဆင်းကာ အဆင့် ၁၄၂ မှာ ရပ်တည်နေပါတယ်။

နိုင်ငံအသင်းများရဲ့ နောက်လာမယ့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

၂၀၁၈ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၂၀) အသင်း (၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅)

၁) ဂျာမနီ - ရမှတ် ၁,၆၀၂
၂) ဘရာဇီး - ရမှတ် ၁,၄၈၄
၃) ပေါ်တူဂီ - ရမှတ် ၁,၃၅၈
၄) အာဂျင်တီးနား - ရမှတ် ၁,၃၄၈
၅) ဘယ်လ်ဂျီယံ - ရမှတ် ၁,၃၂၅
၆) စပိန် - ရမှတ် ၁,၂၃၁
၇) ပိုလန် - ရမှတ် ၁,၂၁၃
၈) ဆွစ်ဇလန် - ရမှတ် ၁,၁၉၀
၉) ပြင်သစ် - ရမှတ် ၁,၁၈၃
၁၀) ချီလီ  - ရမှတ် ၁,၁၅၃
၁၁) ပီရူး - ရမှတ် ၁,၁၂၈
၁၂) ဒိန်းမတ် - ရမှတ် ၁,၀၉၉
၁၃) ကိုလံဘီယာ - ရမှတ် ၁,၀၉၅
၁၄) အီတလီ - ရမှတ် ၁,၀၅၂
၁၅) ခရိုအေးရှား - ရမှတ် ၁,၀၄၈
၁၆) အင်္ဂလန် - ရမှတ် ၁,၀၄၇
၁၇) မက္ကဆီကို - ရမှတ် ၁,၀၃၄
၁၈) အိုင်စလန် - ရမှတ် ၁,၀၁၇
၁၉) ဆွီဒင် - ရမှတ် ၉၉၆
၂၀) ဝေလ် - ရမှတ် ၉၈၅ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly