မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေး ဟု မြန်မာ ယူ-၁၉ နည်းပြဆို

မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေး ဟု မြန်မာ ယူ-၁၉ နည်းပြဆို
စင်ကာပူ ယူ-၁၉ နှင့်ပွဲတွင် တွေ့ရသည့် မြန်မာယူ-၁၉ နည်းပြ ဂတ်ဇီဆီ။ ဓာတ်ပုံ - MFF

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လက်ရှိခြေစွမ်းအရ မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေးဟု မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က စင်ကာပူ ယူ-၁၉ အသင်းကို ၁-၀ ဖြင့်နိုင်သော ပွဲအပြီးတွင် ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်တွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း အခွင့်အရေးဖန်တီးမှုများ အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင် ကစားသမား ကောင်းချစ်နိုင် သွင်းယူပေးခဲ့သည့် တစ်လုံးတည်းသော ဂိုးဖြင့် ကပ်အနိုင်ရခဲ့သည်။

" ဒီအသင်းမှာ အခုမှ နိုင်ငံတကာပွဲ ကစားဖူးတဲ့ ကစားသမားတွေ အများကြီး ပါပါတယ်။ ဒါကြောင့်မို့ အသင်း ရဲ့ လက်ရှိခြေစွမ်းကိုတော့ အားမရသေးပါဘူး။ ကံကောင်းတာက အဖွင့်ပွဲမှာ ကျွန်တော် တို့လိုပဲ အားနည်းတဲ့ စင်ကာပူ အသင်းနဲ့ တွေ့ခဲ့ရတာပါ။ ခု ခြေစွမ်းနဲ့တော့ ကျွန်တော်တို့ မလေးရှား၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ဖို့ မဖြစ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဒီထက် ပိုတိုးတက်ဖို့ လိုပါသေး တယ် ” ဟု မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဇီဆီ က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် စင်ကာပူ၊ တီမော၊ မလေးရှား၊ ဗီယက်နမ် စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး လာမည့်  သြဂုတ်လ ၂၇ ရက်တွင် တီမောအသင်းနှင့် မြန်မာစံတော်ချိန် ၃း၃၀၊ သြဂုတ်လ ၂၉ ရက်တွင် မလေးရှားအသင်းနှင့် မြန်မာစံတော် ချိန် ၆း၃၀၊ သြဂုတ်လ ၃၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် မြန်မာစံတော် ချိန် ၆း၃၀ တို့တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly