အရေခွံခွာ၊ အစွယ်ဖြတ်ခံထားရသည့် ဆင်​သေတစ်​​ကောင်​အား ပဲခူးအနီးတွင် တွေ့ရှိ

အရေခွံခွာ၊ အစွယ်ဖြတ်ခံထားရသည့် ဆင်​သေတစ်​​ကောင်​အား ပဲခူးအနီးတွင် တွေ့ရှိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။          ။ အရေခွံခွာ၊ အစွယ်ဖြတ်ပြီး အသတ်ခံထားရသည့် ဆင်အမ တစ်ကောင်အား ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း၊ မိုင်တိုင်အမှတ်(၆၀/၃) အနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆင်အား ဦးခေါင်းယာ ချိုစောင်း၊ ဝဲလည်ပင်းတို့တွင် တူမီးခဲသီး ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ အစွယ်ဖြတ်၊ နှာမောင်းပြတ်၊ အရေခွံများ ခွာထားလျှက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၅ နှစ်အရွယ်ခန့်ရှိပြီး လုံးပတ် ၉ ပေ ၁ လက်မ၊ အရပ် ၅ ပေ  ၁ဝ လက်မ၊ အလျား ၇ ပေ ၆ လက်မခန့် ရှိသော ဆင်မဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း မိုင်တိုင်အမှတ်(၆ဝ/၃)၊ တောင်ဘက် (၁)မိုင်ခန့်အကွာ၊ ပဲခူးရိုးမတောင်ပေါ်တွင် ဆင်(၁)ကောင် သေဆုံးနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများ၊ ဒုတိရစ္ဆာန်ကုသရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ ယင်းဆင်သေအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ရှိခဲ့သည့် ဆင်သေအား အခင်းဖြစ်နေရာတွင် မီးသဂြိုလ်ခဲ့ပြီး  လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သူအား စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly