ရန်ကုန်မြို့တွင်း ကားပါကင်ကြေးများ စည်ပင်မှ ကောက်ခံခြင်းမဟုတ် ၊ မိုက်ကြေးခွဲကောက်ခံခြင်းသာဖြစ်ကြောင်း စည်ပင်ဝန်ကြီးဆို

ရန်ကုန်မြို့တွင်း ကားပါကင်ကြေးများ စည်ပင်မှ ကောက်ခံခြင်းမဟုတ် ၊ မိုက်ကြေးခွဲကောက်ခံခြင်းသာဖြစ်ကြောင်း စည်ပင်ဝန်ကြီးဆို

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ။                    ။  ရန်ကုန်မြို့တွင်းရှိလူနေထူထပ်သည့် မြို့နယ်များတွင် ကားပါကင်ကြေးများအား မြို့တော်စည်ပင်သာယာကော်မတီမှ ကောက်ခံခြင်းမရှိဘဲ မိုက်ကြေးခွဲ ကောက်ခံနေခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

 ကျောက်တံတားမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ "ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များသတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်" ကို သိရှိလိုကြောင်း မေးမြန်းမှုကို ဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"မိုက်ကြေးခွဲပြီး ကောက်နေတဲ့ပုံစံ စောစောကပြောသလို အန္တရာယ်ပေးလောက်အောင်လုပ်နေတဲ့အတွက်ကြောင့် ဒါဟာ အုပ်ချုပ်ရေးပိုင်းနဲ့လည်းသက်ဆိုင်ပါတယ်။ ထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်" ဟု ဦးမောင်မောင်စိုးက ပြန်လည်ဖြေဆိုခဲ့သည်။

အရပ်သားအချင်းချင်းကနေရာဦး၍ကောက်ခံနေခြင်းကို မြို့တော်ဝန်က ပြောသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် မျဉ်းဝါတားကားပါကင်ပြုလုပ်ခြင်းအစီအစဉ်ကို လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် မြို့တော်ဝန်ဦးမောင်မောင်စိုးမှ   ဖြေကြားထားသော်လည်း လက်ရှိအချိန်ထိ အဆင်ပြေမှု မရှိခြင်းကြောင့် လွှတ်တော်၌ မေးမြန်းရခြင်းဖြစ်သည်ဟု ဒေါ်ကြည်ပြာက ဆိုသည်။

မြို့တော်ဝန် ဦးမောင်မောင်စိုးမှ "လောလောဆယ် မျဉ်းအဝါခွက်များ ထားခြင်းကိုလည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ လုပ်ပေးထားခြင်းဖြစ်ပြီး ၊  မိမိတို့ လုပ်ပြီးသည့်အဆင့်တိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပြချက်တောင်းကာ ဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly