ခေတ်တွေထဲ စီးမျောရင်း

ခေတ်တွေထဲ စီးမျောရင်း

( ၂ )

ယခင်အပတ်က စာစုကို ဆက်ပါအုံးမယ် ။ ခေတ်တွေ ခေတ်တွေထဲမှာ ကျွန်တော်တို့ မွေးဖွားခဲ့တဲ့ မဆလ ( မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ) ခေတ်ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ် တာကာလကို ဒီမိုကရေစီ လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကနေ ကျွန်တော်တို့ပါ ပါဝင်ပြီး နိဂုံးချုပ် လိုက်ပါတော့တယ် ။သို့သော် ကျွန်တော်တို့ပြည်သူလူထုကြီးတောင်းဆိုတဲ့ ဒီမိုကရေစီခေတ်ကို မရောက်ဘဲ စစ်တပ် (တပ်မတော် )က နိုင်ငံတော်အာဏာသိမ်းလိုက်လို့ စစ်အစိုးရ (တပ်မတော် အစိုးရ)၊ အာဏာသိမ်းအစိုးရ တဖြစ်လည်း နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ခေတ်ထဲ ရောက်သွားပါတော့တယ် ။ တနည်းပြောရရင် မဆလ စစ်အာဏာရှင်အစိုးရခေတ်ကနေ နဝတ စစ်အာဏာရှင် အစိုးရခေတ်ထဲ ကျွန်တော်တို့ခေတ်က ကျရောက်သွားပါတော့တယ် ။

ကျွန်တော်တို့မွေးဖွားကြီးပြင်းလာခဲ့တဲ့ ကာလတစ်လျှေက်လုံးဟာ စစ်အာဏာရှင်အသီးသီးရဲ့ လက်အောက်ကဘဝထဲမှာပဲ ဖြစ်ပါတယ် ။ အစစအရာရာ လူတန်းစေ့မနေနိုင်ကြတဲ့ ဘဝတွေထဲမှာ အရေးအခင်းမျိုးစုံ ၊ အရေးတော်ပုံမျိုးစုံတို့ကို  ဖြတ်သန်းရင်း ကျွန်တော့အသက် ၂၅ နှစ်မှာ ကျွန်တော်တို့တိုင်းပြည်ဟာ နဝတ စစ်အစိုးရ (တပ်မတော်အစိုးရ) လက်ထဲကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ် ။

ကျွန်တော်သိမီလိုက်ရတဲ့ အရေးအခင်းတွေရှိပါတယ် ။ ပထမကတော့ တရုတ်- မြန်မာ အရေးအခင်းပဲ ဖြစ်ပါတယ် ။ခုထိ မျက်စိထဲမှာ စွဲမြဲနေဆဲပါ ။ ကျွန်တော် ငယ်စဉ်က နေထိုင်ခဲ့ရာ ရန်ကုန်မြို့ တောင်ဥက္ကလာ ၅ ရပ်ကွက် ၂၂ လမ်း ထိပ်ကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ တန်းစီပြီး တရုတ်ဆန့်ကျင်ရေး ၊မော်စီးတုန်းဆန့်ကျင်ရေး ကြွေးကြော်သံတွေကို လက်သီးလက်မောင်းတန်းကာ အော်ဟစ်သွားကြတာရယ် ၊ နောက်တစ်နေ့ ညနေခင်းမှာတော့ ကျွန်တော်တို့နေထိုင်ရာ အိမ်နဲ့ မလှမ်း မကမ်းက အထက - ၄ ကျောင်းဝင်းထဲမှာ တရုတ်တွေအိမ်က ပစ္စည်းတွေကို သယ်ယူလာပြီး မီးပုံရှို့ နေတာ မြင်ဖူးတွေဖူးခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော့အသက် ၄ နှစ် ။ ၄ နှစ်သားမှာ အဲဒီ အကွက် နှစ်ကွက် က ကျွန်တော့ကို တော်တော်လေးကိုလွှမ်းမိုးပါတယ် ။

နောက်တစ်ခုကတော့ ဦးသန့်အရေးအခင်းလို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသား ဦးသန့် ကွယ်လွန်တော့နိုင်ငံခြားကနေ ဦးသန့်ရုပ်အလောင်းပေါ်မှာ ကုလသမဂ္ဂအလံ လွှမ်းခြုံပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်လာတာကို ဝမ်းနဲဂုဏ်ယူမဆုံးဖြစ်နေချိန်မှာ ထိုအချိန် မဆလ အစိုးရ( ဦးနေဝင်းအစိုးရ ) က ဦးသန့်အလောင်းကို ရန်ကုန်မြို့ ကြံတောသုသာန်မှာ သြင်္ဂ ိုလ်မယ် ဆိုပြီး ပြောလို့ တက္ကသိုလ်ကျောင်းသားတွေက မခံမရပ်နိုင်ဖြစ်ပြီး နိုင်ငံဂုဏ်ဆောင်ဦးသန့်ကို ခမ်းခမ်း နားနား တသီးတခြားသြင်္ဂ ိုလ်ဖို့ စီစဉ်ကြရင်း ကျောင်းသားနဲ့ မဆလ အစိုးရ ထိပ်တိုက်ဖြစ်ကာ ဆန္ဒပြ တောင်းဆို သပိတ်မှောက်ကြတာပဲဖြစ်ပါတယ် ။ကျောင်းသားတွေနဲ့မဆလ အစိုးရတို့ ပဋိပက္ခတွေဖြစ် ကြပြီး နောက်ဆုံး ဦးသန့်ရဲ့ ရုပ်အလောင်းကို ရွှေတိဂုံတောင်ဖက်မုခ်က ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူအနီးမှာ ဂူသွင်းသြင်္ဂ ိုလ်လိုက်တော့မှ ဦးသန့်အရေးအခင်းကြီး ပြီးဆုံးသွားပါ တော့တယ် ။

နောက်အရေးအခင်းတစ်ခုကတော့ မှိုင်းရာပြည့်လို့ခေါ်တဲ့ ၁၉၇၅ ခုနှစ် အရေးအခင်းပဲဖြစ်ပါတယ် ။ အဲဒီအချိန်က ကျွန်တော်ဟာ ပဉ္စမတန်းကျောင်းသားဖြစ်ပါတယ် ။ ကျွန်တော်မှတ်မိနေတာကတော့ ရန်ကုန်မြို့လယ်ကောင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ယခု Central Hotel နားမှာ တော်ဝင်ရုပ်ရှင်ရုံနဲ့ ယုဇနရုပ်ရှင်ရုံတွေကိုမီးရှို့လိုက်တာမြင်တွေ့ဖူးပါတယ် ။ အပြာရောင်တွဲသုံးတွဲပါ မြို့ပတ်ရထား တစ်စင်းကို မီးရှို့တာလည်း ဘယ်နေရာမှန်းတော့ မမှတ်မိတော့ပါဘူး ။ညမထွက်ရအမိန့် ထုတ်ထား တာတွေ ၊ စစ်ကားကြီးတွေနဲ့ ရပ်ကွက်ထဲကိုလှည့်လို့ ဆံပင်ရှည်တဲ့လူငယ်တွေကို နေ့ခင်းကြောင် တောင် ဖမ်းခေါ်သွားပြီး ဆံပင်ရှည်တွေကို ဘက်နက် ( သေနတ်ထိပ်တွင်တတ်ထားသောဓား )ဖြင့် လှီးဖြတ်ပြီး ပြန်လွှတ်ပေးတာတွေကိုလည်း မျက်စိထဲမှာ ခုထိမြင်ယောင်နေတုံးပဲဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ အဲဒီအရေးအခင်းမှာ ကိုယ်တိုင် ဦးဆောင်ပါဝင်တယ်ဆိုပြီး မဆလ အစိုးရက တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦး ကို သေဒဏ်အပြစ်ပေးပြီး ကြိုးပေးကွပ်မျက်လိုက်တာ သတင်းစာတွေထဲမှာ ဖော်ပြထားတာတွေလည်း ယနေ့အထိ မြင်ယောင်မှတ်မိနေပြီး ကျွန်တော် ကိုယ်တိုင် သေဒဏ်တွေထားတဲ့နေရာ ၊ ကြိုးတိုက် ( ၂ - တိုက် / ရင်ခွဲတိုက် )ထဲမှာ သေဒဏ်ကျခံရ စဉ် သတိရလိုက်ပါသေးတယ် ။

မဆလ ခေတ် အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ အသက်အရွယ်ငယ်သေးတာရယ် ၊မဆလ အစိုးရရဲ့ ကလိမ်ကကျစ်နဲ့ ယုတ်မာပုံတွေကို သိပ်ပြီးမသိပေမယ့် ၁၉၈၄ ခုနှစ်နောက်ပိုင်း ပြည်သူတွေ သုံးစွဲနေတဲ့ ငွေကြေးတွေကို တရားမဝင်လုပ်ပစ်တာ ၊ အထက်ပိုင်းကိုဖားပြီး အောက်ခြေကို ဖိတဲ့ မဆလရဲ့အုပ်ချုပ်မှုပုံသဏ္ဍာန်တွေ၊တရားစီရင်ရေးမှာလည်း ငွေနဲ့ဆိုင်ရာပိုင်ရာကအဓိကကျပုံတွေ၊ တောင်သူလယ်သမားတွေကို သတ်မှတ်စပါး စေတနာစပါး ဆိုတာတွေ မဖြစ်မနေပေးရ ၊ မပေးရင် ဖမ်းဆီးထောင်ချတာတွေ . . . စတာ စတာ တွေနဲ့ ကမ္ဘာမှာ သယံဇာတတွေပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် အသိမှတ်ပြုခံလိုက်ရတာတွေကို သိရှိလာပါတယ် ။သယံဇာတ တွေပေါကြွယ်ဝပြီး လူဦးရေနည်းပါးတဲ့ မြန်မာနိုင်ငံကို ဆင်းရဲသွားအောင်လုပ်တဲ့ အစိုးရယန္တရားကို ကျွန်တော် အစာမကြေဖြစ်လာပါတယ် ။ ကမ္ဘာမကြေဖြစ်လာပါတော့တယ် ။    ။

( ဆက်လက်ဖော်ပြပါမည် )

သန့်ဇော် ( သန်လျင် )

အရင်အပတ်မှ အဆက်-အပေါက် အပြဲများနှင့်. . .

Mizzima Weekly