အမြဲတမ်း သန္ဓေတားခြင်း နည်းလမ်းတွေကို ယောက်ျားလေးလုပ်သင့်သလား၊ မိန်းကလေးလုပ်သင့်သလား

အမြဲတမ်း သန္ဓေတားခြင်း နည်းလမ်းတွေကို ယောက်ျားလေးလုပ်သင့်သလား၊ မိန်းကလေးလုပ်သင့်သလား

ရေးသားသူ Yu Wadi Lwin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အိမ်ထောင်သက် ၃ နှစ်လောက်ကြာအပြီးမှာ အလန်ဇန်ဒရာပေါလ် နဲ့ သူမရဲ့ခင်ပွန်း အန် တို့ဟာ သန္ဓေတားဆေးတွေကို ငြီးငွေ့လာပါပြီ။ ဒါကြောင့် သူတို့ ဇနီးမောင်နှံ ၂ ဦး ပိုကောင်းတဲ့ သန္ဓေတားနည်းမျိုးရှိလားဆိုတာကို စုံစမ်းခဲ့ကြပါတယ်။ ပေါလ်ကိုယ်တိုင်ကလည်း သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်လာတာကြောင့် diaphragm လို့ခေါ်တဲ့ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးသော ရော်ဘာ (သို့) ပလတ်စတစ်ပစ္စည်း ကိုပြောင်းသုံးကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ diaphragm မှာလိမ်းထားတဲ့ သန္ဓေမရအောင် တားဆီးပေးတဲ့ ဂျယ်လ်တွေကြောင့် သူမ ကူးစက်ရောဂါတွေကို ခံစားရခဲ့တဲ့နောက်မှာ diaphragm လည်း အဆင်မပြေဘူးဆိုကာ ဒါကို ဆက်မသုံးတော့ပါဘူး။ ဒါပေမဲ့ သန္ဓေတားနည်းမရှိတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သူတို့အတွက် ပျော်ရွှင်အမှု အတိပြည့်ဝနေတဲ့ အိမ်ထောင်ရေးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့ ၂ ယောက်လုံးကလည်း ကလေး မလိုချင်ကြပါဘူး။ ဒါနဲ့ပဲ သူတို့ ၂ ဦးလုံး အမြဲတမ်း သန္ဓေတားပေးနိုင်တဲ့ နည်းလမ်းကို စုံစမ်းခဲ့ကြပါတယ်။

ဒီမှာ မေးခွန်းလေးတွေရှိလာပါပြီ။ အမြဲတမ်း သန္ဓေတားနည်းကို ယောက်ျားလေးက လုပ်သင့်လား၊ မိန်းကလေးက လုပ်သင့်လားဆိုတာပါပဲ။ အန် ကိုယ်တိုင်ကလည်း ဇနီးဖြစ်သူ သန္ဓေတားနည်း အမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတာကို မကြည့်ရက်တော့ပါဘူး။ ဒါနဲ့ပဲ ဒီတစ်ခေါက် အမြဲတမ်း သန္ဓေတားနည်းကို သူပဲလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ အန်ဟာ ယောက်ျားသားကြောဖြတ်ခြင်း ကုသမှု (vasectomy) ကို ခံယူခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှာလည်း သူတို့ လင်မယား ၂ဦးဟာ ဒီဆုံးဖြတ်ချက်အတွက်နောင်တ မရခဲ့ပါဘူး။ ပေါလ်ကတော့ “ ဘယ်လိုအချိန်၊ ဘယ်လိုနေရာပဲ ဖြစ်ဖြစ် ကိုယ်ဝန်ရမှာကို စိတ်ပူနေစရာမလိုဘဲ လိင်ဆက်ဆံနိုင်တာဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက်တော့ အပျော်ရွှင်ရဆုံးပါပဲ။ အခုဆို ကျွန်မတို့လည်း ဓာတုဗေဒ သန္ဓေတားနည်းတွေကို မှီဝဲစရာ မလိုတော့ဘူး ” လို့ရင်ဖွင့်ခဲ့ပါတယ်။

မိတ်ဆွေလည်း ကလေး မလိုချင်ဘူးဆိုတာ သေချာရင်၊ ဒါမှမဟုတ် ကလေးတွေလည်း ရှိတယ်။ နောက်ထပ် မလိုချင်တော့ဘူးဆိုတာသေချာရင် အမြဲတမ်း သန္ဓေတားနည်းက မိတ်ဆွေအတွက် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ဆရာဝန်နဲ့ သွားဆွေးနွေးပါ။ ဒါဆိုရင် မိတ်ဆွေအတွက် ဆုံးဖြတ်ချက်ချဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။

ယောက်ျားလေးအတွက် ရွေးချယ်ရန်- ယောက်ျားသားကြောဖြတ်ခြင်း (Vasectomy)

ဒီနည်းဟာ သင့်ရဲ့ သုတ်ကောင်တွေကို သုတ်ရည်ထဲ မရောက်အောင်တားဆီးပေးနိုင်ပါတယ်။ ဒီနည်းဟာ အလုပ်ဖြစ်တဲ့အတွက် ယောက်ျားလေး တော်တော်များများက အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းဟာဆိုရင် ဆီးလမ်းကြောင်းနဲ့ ဝှေးစေ့အကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်း vas deferens ကိုဖြတ်ပြီး ချည်နှောင်ရတဲ့ ခွဲစိတ်မှုတစ်ခု ဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေကို ၉၉% အထိ ကာကွယ်ပေးနိုင်ပါတယ်။  ဒါ့အပြင် ဒီနည်းလမ်းဟာ ရိုးရှင်းပြီး စိတ်ချရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဆေးရုံမှာဆိုရင် ၁၅ မိနစ်ကနေ နာရီဝက်လောက် ကြာချိန်နဲ့တင် ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါနဲ့ သွေးအထွက်လွန်ခြင်းတို့လည်း ဖြစ်နိုင်ခြေ နည်းပါးပါတယ်။

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်

မနာကျင်စေဖို့အတွက် ပထမဆုံး ဆရာဝန်က သင့်ရဲ့ ကပ်ပယ်အိတ်ကို ထုံဆေးပေးမှာ ဖြစ်ပြီး အရေပြားကိုဖောက်ကာ ဆီးလမ်းကြောင်းနဲ့ ဝှေးစေ့အကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်း vas deferens ကို ဖြတ်တောက် ချည်နှောင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Vas Deferens ကို ဖြတ်လိုက်ပြီဆိုရင် သုတ်ကောင်တွေက သုတ်ရည်ထဲ ရောက်စရာ အကြောင်းမရှိတဲ့အတွက် သင့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ်ဝန်ရစေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နည်းလမ်းလေးက ရှင်းပါတယ်။ ဖြတ်တောက်မယ်၊ ချည်နှောင်မယ်၊ အဲ့ဒါဆိုရင် ခွဲစိတ်မှု လုပ်ငန်းစဉ်ပြီးပါပြီ။ ခွဲစိတ်မှုပြီးတာနဲ့လည်း အမြန်သက်သာလာနိုင်ပါတယ်။ ဒီခွဲစိတ်မှုအတွက်လည်း ချုပ်ရိုးချုပ်စရာမလိုပါဘူး။ ခွဲစိတ်မှုပြီးတာနဲ့ အနေရအထိုင်ရ ခက်တာမျိုး၊ ယောင်ယမ်းနေတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ရေခဲအုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ခွဲစိတ်မှုပြီး ၂ ရက်လောက်ကြာရင် ကိုယ်လုပ်နေကြ အလုပ်တွေကို ပြန်လုပ်လို့ရပါပြီ။ အမျိုးသားတစ်ချို့ကတော့ ဒီလိုခွဲစိတ်မှုလုပ်လိုက်ရင် သူတို့ရဲ့ လိင်ဆက်ဆံနိုင်စွမ်းကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလို သန္ဓေတားနည်းက လိင်ဆက်ဆံမှုအပေါ် သက်ရောက်မှု မရှိပါဘူး။ ဝါရှင်တန် တက္ကသိုလ် မိသားစု ကျန်းမာရေးဆိုင်ရာ ဌာနမှ လက်ထောက်ပါမောက္ခဖြစ်သူ ဂရေ့စ် ရှီလ် (Grace Shih) ကတော့ “ ဒီလို သားကြောဖြတ်ခွဲစိတ်မှုအပြီးမှာ အမျိုးသားအများစုဟာ ပုံမှန်အတိုင်း ထောင်မတ်နေမှာ ဖြစ်ပြီး သုတ်လွှတ်ခြင်းလည်း ရှိနေဦးမှာပါ။ ကွာခြားသွားမှာတစ်ခုကတော့ သင့်မှာ သုတ်ကောင်ဆိုတာတော့ ရှိတော့မှာမဟုတ်ပါဘူး ” လို့ဆိုပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ရမှာကို လုံးဝစိုးရိမ်စရာမလိုတော့တဲ့အတွက် လိင်ဆက်ဆံရာမှာ သက်တောင့်သက်သာရှိတယ်လို့ ပေါလ်ကတော့ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ခွဲစိတ်မှုအပြီး မှာ သတိထားစရာ အချက်အနည်းငယ်တော့ ရှိပါတယ်။ ခွဲစိတ်မှုပြီးပြီးချင်း သုတ်ကောင်များ သင့်ရဲ့ ခန္ဓာကိုယ်ထဲက ကုန်စင်သွားအောင် ခဏအချိန်ယူရဦးမှာ ဖြစ်ပြီး အရန် သန္ဓေတားနည်း တစ်ခုခုကို အချိန် ၁၀ ပတ်ခန့် ဒါမှမဟုတ် သုတ်ထွက်ကြိမ် အခါ ၂၀ လောက် ခေတ္တစောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွဲစိတ်မှု ခံယူဖို့အတွက် သေချာစဉ်းစားဖို့လိုပြီး ခွဲစိတ်မှုပြီးလို့ စိတ်ပြောင်းသွားတယ်ဆိုရင်တော့ ပြန်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တစ်ချို့သော အမျိုးသားတွေကိုတော့ အောင်အောင်မြင်မြင် Vas Deferens ကို ပြန်ဆက်ပေးနိုင်ပေမဲ့ ကုသစရိတ်ကလည်း များပြားနိုင်ပြီး ခွဲစိတ်တိုင်း အောင်မြင်မယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ ဒါ့အပြင် ဒီလိုပြန်ဆက်တဲ့ လုပ်ငန်းစဉ်ဟာ ပိုမိုခက်ခဲပြီး ဆေးရုံမှာ လုပ်မယ်ဆိုရင် နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

မိန်းကလေးတွေ အတွက် ရွေးချယ်စရာ

ဒီလုပ်ငန်းစဉ်မှာဆိုရင် ခွဲစိတ်ဆရာဝန်က အမျိုးသမီးတွေရဲ့ သားဥပြွန်ကို ချည်နှောင်ပစ်မှာ ဖြစ်မှာ ဖြစ်ပါတယ်။ သားဥပြွန်တွေဟာ သားဥ အစေ့အိမ်ကနေ သားအိမ်ဆီသို့ ဥ သယ်ဆောင်ပေးတဲ့ ပြွန်တွေဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီနည်းလမ်းကို tubal ligation လို့ခေါ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ယောက်ျားလေးတွေ သားကြောဖြတ်ခြင်းလို ကိုယ်ဝန်ရခြင်းကို ကာကွယ်နိုင်ပြီး စိတ်ချရတယ်ဆိုပေမဲ့ သွေးထွက်ခြင်း၊ ကူးစက်ရောဂါ ကူးစက်ခြင်း၊ တခြားအင်္ဂါတွေကို ထိခိုက်နိုင်ခြင်း၊ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြင်း၊ သားအိမ်ပြင်ပ ကိုယ်ဝန်လွယ်ရခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်နိုင်ခြေ တော့ရှိပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်လည်း လေ့လာချက် အသစ်တွေအရ  သားဥပြွန်တွေကို ဖယ်ထုတ်လိုက်ခြင်းဟာ သားဥအိတ်ကင်ဆာကို ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုထားပါတယ်။ tubal ligation ကို ဆေးရုံမှာပဲ ဖြစ်ဖြစ် ဆေးခန်းမှာပဲ ဖြစ်ဖြစ် ခွဲစိတ်မယ်ဆိုရင် နာရီဝက် ခန့်အထိ ကြာနိုင်ပြီး ထိုနေ့မှာပဲ အိမ်ပြန်အနားယူနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ချို့ကတော့ ဒီခွဲစိတ်မှုကို C-section (Cesarean section) လို့ခေါ်တဲ့ ဗိုက်ခွဲမွေးအပြီးမှာ တစ်ခါတည်း ပြုလုပ်လေ့ရှိတတ်ကြပါတယ်။

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် ဖြစ်တတ်တာလေးတွေ

ပထမဆုံး ဆရာဝန်က ခွဲစိတ်မှု မပြုလုပ်ခင် မေ့ဆေးပေးမှာ ဖြစ်ပြီး သင့်ရဲ့ ဗိုက်သားအောက်ဘက်နားမှာ ခွဲစိတ်ရာ  ၂ ခု ခန့် ပြုလုပ်ကာ မီးသီးသေးနဲ့ ကင်မရာကို ဗိုက်ထဲ ထည့်မှာ ဖြစ်ပါတယ်။ ထိုနောက် သားဥပြွန်ကို ကိရိယာ သေးများနဲ့ ဆွဲယူမှာ ဖြစ်ပြီး သားဥပြွန်ကို ဖြတ်တောက်ခြင်း၊ ချည်နှောင်ခြင်း၊ ညှပ်ခြင်း နဲ့ ပိတ်ဆို့ခြင်း စတဲ့နည်းလမ်း တစ်ခုခုကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးရင် သားဥပြွန်တွေကို ချုပ်ရိုးနဲ့ သီမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုပြုလုပ်အပြီးမှာ မအီမသာဖြစ်တာမျိုးရှိတတ်ပြီး အကိုက်အခဲပျောက်ဆေးများကို မှီဝဲနိုင်ပါတယ်။ တခြား သန္ဓေတားနည်းတွေလိုပဲ ဒီခွဲစိတ်မှုကြောင့်လည်း လိင်ဆက်ဆံမှုကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒီခွဲစိတ်မှု အပြီးမှာ ဓမ္မတာကတော့ ပုံမှန်လာနေမှာ ဖြစ်ပါတယ်။

မိန်းကလေးတွေ အတွက် ရွေးချယ်စရာ (သားအိမ်ပြွန်ကို မြုံအောင်လုပ်ခြင်း)

Hysteroscopic sterilization ဆိုတာဟာ သားဥပြွန်ထဲ ပစ္စည်း အသေးလေးထည့်ကာ ဒီပစ္စည်းက တစ်ရှုးတွေကို ကြီးထွားလာစေပြီး ပြွန်များကို ပိတ်ဆို့အောင်လုပ်ရတဲ့ နည်းပညာဖြစ်ပါတယ်။ ဘာခွဲစိတ်စရာမှ မလိုအပ်ပါဘူး။ ဒီမြုံအောင်လုပ်တဲ့နေရာမှာ Essure လို့ခေါ်တဲ့ ပစ္စည်းလေးကို ထည့်သွင်းကာ အသုံးပြုရပြီး ဆရာဝန်က သေးငယ်ပြီး စပရင်ကဲ့သို့ ပစ္စည်းလေးကို သင့်ရဲ့သားဥပြွန်ထဲ ထည့်ကာ ဒီပစ္စည်းက ပြွန်ထဲမှာ အမာရွတ်တစ်ရှုးတွေ ဖြစ်ပေါ်စေပြီး ပြွန်ကို အမြဲတမ်းပိတ်ဆို့နေစေမှာ ဖြစ်ပါတယ်။ ဒီကုသမှုကလည်း ၁၅ မိနစ်ခန့်သာကြာမှာဖြစ်ပြီး ဆရာဝန်က မွေးလမ်းကြောင်းထဲမှ Essure ကို ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင် ဓမ္မတာလာတဲ့အခါ နာကျင်ခြင်း၊ ကြွက်သားအောင့်ခြင်း၊ သွေးထွက်ခြင်းများ ကို ခံစားရနိုင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့ ဒီပစ္စည်းနဲ့ ဓတ်မတည့်တဲ့အတွက် ဒီပစ္စည်းကို ပြန်လည်ခွဲထုတ်ရတဲ့ အခါမျိုးတွေလည်းရှိတတ်ပါတယ်။ ဒီလို အဖြစ်မျိုးကို စိုးရိမ်တယ်ဆိုရင်တော့ မိမိရဲ့ ဆရာဝန်နဲ့ ဒီကုသမှုကို မခံယူခင် သေချာဆွေးနွေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း ၉၉ % ခန့် အကျိုးသက်ရောက်မှုရှိပေမဲ့ အမာရွတ်ဖြစ်ပေါ်ဖို့အတွက် အချိန်တစ်ခုလိုအပ်တဲ့အတွက် အရန်သန္ဓေတားနည်းတစ်မျိုးကို ၃ လလောက်အထိ မှီဝဲသင့်ပါတယ်။

ဆုံးဖြတ်ချက်ချရန်

ဘယ်လို သန္ဓေတားနည်းမျိုးက မိမိနဲ့ အသင့်တော်ဆုံးလဲဆိုတာ ကိုယ့်ဘာသာရွေးချယ်ဆုံး ဖြတ်ဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ဇနီးမောင်နှံကတော့ vasectomy လို့ခေါ်တဲ့ ယောက်ျားသားကြောဖြတ်ခြင်းဟာ အမြန်ဆုံးပြုလုပ်နိုင်ပြီး အန္တရာယ်နည်းပါးတဲ့အတွက် သူတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အမြဲတမ်း သန္ဓေတားနည်းတွေ ပြုလုပ်မယ်ဆိုရင် မိမိတို့ ဇနီးမောင်နှံ ၂ ဦးဟာ အနာဂတ်မှာလည်း ကလေးမလိုချင်ကြောင်း ၁၀၀ % သေချာမှ ဆုံးဖြတ်သင့်ကြောင်း အသိပေးရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျာ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly