စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ကို ဘယ်လိုတွေအသုံးချကြမလဲ

စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ကို ဘယ်လိုတွေအသုံးချကြမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။

ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။

ခေါင်းလျှော်ရည်

ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီး ခြစ်ထားပါ။ ရေ ၆ ခွက်နဲ့ ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံံ့စေပါတယ်။

သွားကိုက်ခြင်း

သွားကိုက်နေတယ်ဆိုရင် ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကို ရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး

ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီ့အရည်ကို ယူပြီး  နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

အသားအရေအတွက် ဆေးတစ်လက်

ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကို ပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ ထောပတ်သီးစေ့ကိုအခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီး ရေနွေးနည်းနည်းနဲ့အနှစ်ဖြစ်အောင်မွှေပါ။ သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာ လိမ်းပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ် လောက်အထိ မခြောက်မချင်းထားပေးပါ။ ပြီးမှ ရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီး ချောမွေ့နေတာ တွေ့ရပါမယ်။

ကိုယ်တိုင်လုပ် Face Scrub

မျက်နှာအတွက်ရော တစ်ကိုယ်လုံးအတွက်ပါ သဘာဝ scrub လေး ကိုယ်တိုင်လုပ်ဖို့မခက်ပါဘူး။ အခြောက်လှမ်းထားတဲ့ အစေ့ကို ကြိတ်ပြီး ငှက်ပျောသီးတစ်လုံးချေထည့်၊ သံလွင်ဆီတစ်ဇွန်းထည့်ပြီးမွှေပါ။ အရေပြားမှာ ညင်သာစွာလိမ်းပွတ်ပေးပြီး ဆေးကြောပါ။

ဗောက်ပျောက်စေတယ်

အခြောက်မလှမ်းရသေးတဲ့ အစေ့ကို ခြစ်ပြီး ကြက်ဆူဆီ (castor oil) ထည့်မွှေ၊ တစ်ရက်လောက်နှပ်ထားပါ။ ပြီးရင် ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ဦးခေါင်းကိုတဘက်တစ်ထည် သို့မဟုတ် ပဝါပါးနဲ့ တစ်နာရီလောက် ပတ်ထားပြီးမှ ခေါင်းလျှော်ပါ။ ဗောက်ကင်းစင်ပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အဆီပြန်တတ်တဲ့ဆံသားအတွက်တော့ ဒီနည်းက မသင့်တော်ပါဘူး။

သဘာဝအဝတ်အထည်ဆိုးဆေး

ထောပတ်သီးအစေ့ကို အဝတ်အထည်တွေအရောင်ဆိုးဆေးအဖြစ် သုံးလို့ရပါတယ်။ ပန်းရောင်ထွက်ပါတယ်။ လွယ်လွယ်လေးပါ။ ထောပတ်သီးစေ့နဲ့အခွံကို ပွက်ပွက်ဆူအောင် ၄၅ မိနစ်လောက် တည်ပါ။ ကိုယ်အရောင်ဆိုးချင်တဲ့အထည်ကိုပါ ထည့်တည်ပါ။ ပန်းရောင်အဖျော့လေးရပါမယ်။ အရောင်ထပ်ရင့်ချင်ရင်တော့ အစေ့နဲ့အခွံပိုထည့်ပြီး အရောအနှောကို အချိန်ပိုကြာကြာထားပေးပါ။

ထောပတ်သီးအစေ့ကို စားလို့ရသလား

ထောပတ်သီးက အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာ တွေ့ရှိရပါတယ်။ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။ တခြားအစေ့တွေလိုပဲ အာဟာရဓာတ်တွေ၊အမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမယ့် ဘေးဥပါဒ်လုံးဝကင်းရှင်းရဲ့လားဆိုတဲ့အပေါ် အသေးစိတ်လေ့လာတွေ့ရှိချက်နည်းနေသေးတာကြောင့် စားသုံးမှုကိုပညာရှင်တွေက အားမပေးကြပါဘူး။ tannin  ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်စေတတ်တယ်လို့ သိရပါတယ်။

အမှန်တော့ အသီးအနှံတိုင်းရဲ့အစေ့တိုင်းကို စားလို့မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ တရုတ်ဆီးသီးနဲ့မက်မွန်သီးအစေ့တွေဆိုရင် cyanide အဆိပ်ပါတဲ့ amygdalin ဒြပ်ပေါင်းပါဝင်လို့ ဘေးဥပါဒ်မကင်းနိုင်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly