ပီရူးရှိ လူငယ်ထိန်းသိမ်းရေးစင်တာတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ၅ ဦး သေဆုံး

ပီရူးရှိ လူငယ်ထိန်းသိမ်းရေးစင်တာတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ၅ ဦး သေဆုံး

 

ဖေဖော်ဝါရီ ၁၅ ။                 ။ ပီရူးနိုင်ငံမြောက်ပိုင်း ထရူဂျီလိုမြို့က လူငယ် ထိန်းသိမ်းရေးစင်တာတစ်ခုမှာ ဖေဖော်ဝါရီ ၁၄ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပြီး လူငါးဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ထားတဲ့ လူငယ်တွေကို ခေတ္တထိန်းသိမ်းထားတဲ့ အဆိုပါ စင်တာအတွင်း ယင်းနေ့က ဆူပူမှုဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းအချိန်မှာပဲ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

" ခုလောလောဆယ်အထိတော့ ငါးယောက် သေသွားတယ်လို့ သိရပါတယ်၊ ဒီစခန်းမှာ ဆူပူမှုတစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ရဲအရာရှိ ဟယ်လ်ဘာ အော်ဒိုနက်ဇ်က ဆိုပါတယ်။

အခင်းဖြစ်ချိန်က စင်တာအတွင်း ထိန်းသိမ်းခံ လူငယ်တစ်ချို့က မွေ့ရာခင်းတွေကို မီးရှို့ပြီး ဆူပူအောင်လုပ်ခဲ့ရာကနေ ယခုလို မီးလောင်မှုဖြစ်ပြီး ငါးဦး အသက်ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ယင်း ဖြစ်စဉ်မှာ အခြား လူ ၃၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့လို့ ဆေးရုံကို အမြန်ဆုံး တင်ပို့ထားခဲ့ရတယ်လို့ သိရပါတယ်။

မြို့တော် လီမာနဲ့ မိုင် ၃၀၀ လောက်အကွာမှာ တည်ရှိတဲ့ အဆိုပါ ထိန်းသိမ်းရေးစင်တာမှာ အခင်းဖြစ်ပွားချိန်က လူဘယ်နှစ်ယောက် ရှိနေခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly