ဒိန်းမတ်ဘုရင်မကြီး၏ ကြင်ယာတော် အသက် ၈၃ နှစ်၌ ကွယ်လွန်

ဒိန်းမတ်ဘုရင်မကြီး၏ ကြင်ယာတော် အသက် ၈၃ နှစ်၌ ကွယ်လွန်

ဖေဖော်ဝါရီ ၁၅ ။            ။ ဒိန်းမတ်နိုင်ငံ ဘုရင်မ မာဂရက် II ၏ ကြင်ယာတော် (ခင်ပွန်း) ဖြစ်သည့် မင်းသား ဟန်းရစ်ခ် သည် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဒိန်းမတ် တော်ဝင်မိသားစုက ထုတ်ပြန်ကြေညာသွားသည်။

ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့သော မင်းသား ဟန်းရစ်ခ်သည် ၂၀၁၇ စက်တင်ဘာလကတည်းက ဦးနှောက်ထိခိုက်မှု ဝေဒနာ ခံစားနေရခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင်မူ အဆုတ်ရောင်ဝေဒနာဖြင့် ကိုဗင်ဟေဂင် ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ယခုအခါ ဘုရင်မကြီး၏ ကြင်ယာတော် ဟန်းရစ်ခ်၏ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နန်းတော်က ကြေညာသည်။ ၎င်း၏ ဆန္ဒအရ မီးသဂြိုလ်သွားမည်ဟု သိရသည်။

မင်းသား ဟန်းရစ်ခ် ကွယ်လွန်သွားသည့်အတွက် နိုင်ငံတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်လသတ်မှတ်မည်ဖြစ်ကြောင်း တော်ဝင် မိသားစုက ကြေညာထားခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်လည်း နိုင်ငံတစ်ဝှမ်း အလံကို တစ်ဝက်လျှောချ လွှင့်ထူထားခဲ့သည်။

ဒိန်းမတ် ဘုရင်မကြီး မာဂရက်နှင့် ကြင်ယာတော် ဟန်းရစ်ခ်တို့ထံတွင် အိမ်ရှေ့စံမင်းသား ဖရီဒါရစ်ခ် နှင့် မင်းသား ဂျော့ချင်း အမည်ရ သားနှစ်ဦး တို့ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly