ကျပ် ၁ သောင်းတန်အတုများနှင့် ၅ ထောင်တန်အတုများ ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲ တွင် တွေ့ရှိ

ကျပ် ၁ သောင်းတန်အတုများနှင့် ၅ ထောင်တန်အတုများ ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲ တွင် တွေ့ရှိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲတွင် လာရောက်အပ်နှံခဲ့သည့် ငွေများထဲမှ ကျပ် ၁ သောင်းတန်အတု ၂၇ ရွက်နှင့် ကျပ် ၅ ထောင်တန်အတု ၈ ရွက်အား တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ရှိခဲ့သည့် ငွေစက္ကူအတု ၃၂ ရွက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ ကျောက်မြောင်း ဈေး ကမ္ဘောဇဘဏ်ခွဲတွင် ဦးဟန်ထူးအောင်ဆိုသူ အပါအဝင် ၃၂ ဦး လာရောက်အပ်နှံခဲ့သည့်  ငွေများထဲမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ငွေစက္ကူအတု ၃၂ ရွက်တွေ့ရှိခဲ့သဖြင့် ဘဏ်ခွဲမန်နေဂျာ ဒေါ်သဇင်သင်းက ဖေဖော်ဝါရီလ ၁၄ ရက်၊ ၃ နာရီ၊ မိနစ် ၂ဝ အချိန်ခန့် တာမွေမြို့မရဲစခန်းတွင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

“ ဒါတွေက ပုံမှန်လာအပ်နေကျပဲခင်ဗျာ။ ဘဏ်ကလာအပ်တာပေါ့။ အမှုဖွင့်ဖို့ဆိုတာကလည်း ဒီပိုက်ဆံအတု တွေက တစ်ယောက်တည်းဆီကနေ တွေ့တာမဟုတ်ဘူး။ လူတစ်ယောက်က သိန်းသုံးလေးရာ လာအပ်တယ်။ အဲ့ဒီထဲက တစ်ရွက်၊ နှစ်ရွက်ပါလာတယ်။ အဲ့ဒီဟာတွေကို သိမ်းပြီးတော့ လာကုန်ပြီဆိုရင် ဘဏ်တွေက ကျွန်တော်တို့ စခန်းတွေလာလာအပ်ပေးကြတာပါ”ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဘဏ်များမှ လာအပ်သည့် ငွေစက္ကူအတုများကို တာမွေမြို့မရဲစခန်းမှ CID သို့ တစ်ဆင့်ပြန်လည် အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly