တောင်အာဖရိကသမ္မတ ဇူးမားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာ

တောင်အာဖရိကသမ္မတ ဇူးမားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာ

ဂျိုဟန်နစ္စဘတ်၊ ဖေဖော်ဝါရီ ၁၅ ။                      ။ တောင်အာဖရိက သမ္မတ ဇူးမားက ၎င်း၏ အာဖရိကအမျိုးသားပါတီ၏ အမိန့်အရ သမ္မတရာထူးက နုတ်ထွက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာသည်။ အာဖရိကအမျိုးသားပါတီ ANC အနေဖြင့် ၁၉၉၄ ခုနှစ်ကတည်းက တိုင်းပြည်အား အုပ်ချုပ်လာခဲ့သည့် ပါတီကြီးဖြစ်သည်။

“ကျွန်တော်ကြောင့် ဘယ်သူမှ ဆုံးရှုံးမှု မဖြစ်ရဘူး။ ကျွန်တော်ကြောင့် ပါတီဟာ ဘယ်တော့မှ မကွဲသွားစေရဘူး။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်ဟာ နိုင်ငံရဲ့ သမ္မတအဖြစ်က ချက်ချင်းနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။”ဟု အသက် ၇၅ နှစ်ရှိ ဇူးမားက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ANC ပါတီမှ လုပ်ဖော်ကိုင်ဖက်များက ပါတီမန်သို့ ဇူမားအား အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းမည်ဟု ခြိမ်းခြောက်ထားခြင်း ရှိလင့်ကစား ဇူးမားက ရာထူးက နုတ်ထွက်မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ပြောဆိုထားပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ နုတ်ထွက်ကြောင်း ကြေညာလာခြင်းပဲ ဖြစ်သည်။

ANC ပါတီ၏ အကြီးအကဲဖြစ်သော ဒုတိယသမ္မတ ဆိုင်ရေးရာမာဖိုစာက ၂၀၁၉ ရွေးကောက်ပွဲမကျင်းပမီအထိ ယာယီသမ္မတ တာဝန်ယူမည်ဖြစ်သည်။

အစိုးရအရာရှိအဖြစ်မှ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ခဲ့သူ ရာမာဖိုစာသည် ဒီဇင်ဘာလအတွင်းက ANC ပါတီခေါင်းဆောင်နေရာအတွက် အနိုင်ရလိုက်ပြီးနောက်ပိုင်း ဇူးမား နုတ်ထွက်သွားအောင် ဖိအားများ ပေးလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ကို ပါလီမန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှာကို ကြောက်မနေပါဘူး။ တောင်အာဖရိကပြည်သူတွေနဲ့ ANC ပါတီအတွက် ကျွန်တော်ဆက်လက်အလုပ်အကျွေးပြုသွားပါမယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ မူဝါဒတွေကို ဆက်လက်လိုက်နာကျင့်သုံးသွားပါမယ်။”ဟု ဇူးမားက နိုင်ငံအား မိန့်ခွန်းပြောခဲ့သည်။

ရာထူးအာဏာသက်တမ်း ဆယ်နှစ်နီးပါးရှိသည့် ဇူးမားသည် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံများနှင့် ငြိစွန်းနေသူတစ်ဦးလည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly