လာရောက်ထွက်ဆိုသည့် ဒုရဲအုပ်မှာ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူမဟုတ်ဟု ရိုက်တာသတင်းထောက်ပြော

လာရောက်ထွက်ဆိုသည့် ဒုရဲအုပ်မှာ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူမဟုတ်ဟု ရိုက်တာသတင်းထောက်ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄ ။         ။ ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူအနေဖြင့် တရားခွင်တွင် လာရောက်ထွက်ဆိုသည့် ထောက်ကြံ့နယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကိုမှာ ၎င်းတို့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူမဟုတ်ကြောင်း အမှုရင် ဆိုင်နေရသည့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး သတင်းထောက် ၂ ဦးကို ဖမ်းဆီးရာတွင်ပါဝင်သူ   ထောက်ကြံ့နယ်မြေရဲစခန်းမှ  ဒုရဲအုပ် မျိုးကိုကိုအား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ လာပြီးတော့ ထွက်ဆိုတဲ့ ရဲသက်သေက ကျွန်တော်တို့ကို ဖမ်းဆီးတဲ့ အထဲမှာလည်း မပါပါဘူး။ ဒါပေမဲ့ ဒီမှာတော့ သူကိုယ်တိုင်ပါတယ် ဆိုပြီးတော့ ထွက်ဆိုသွားတာ တွေ့ရတယ်ဗျ”ဟု ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက တရားခွင်မှ အထွက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရားခွင်တွင် လာရောက်ထွက်ဆိုသည့် ဒုရဲအုပ်မျိုးကိုကိုအား သတင်းထောက် ၂ ဦးအား ဖမ်းဆီးရာတွင် ရဲ လက်စွဲဥပဒေဖြင့် ညီ၊ မညီကို မေးမြန်းခဲ့ရာ ဒုရဲအုပ်မျိုးကိုကိုက မသိဟု ဖြေကြားခဲ့ကြောင်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“ ဒီနေ့က ဒုရဲအုပ်မျိုးကိုကို စစ်တယ်။ အကြမ်းဖျင်းကတော့ ဖမ်းဆီးတဲ့အချိန်မှာ ရဲလက်စွဲဥပဒေနဲ့ ညီလား၊ မညီ လား ကျွန်တော်မေးတဲ့အခါမှာ သူတို့ မသိဘူးဆိုတာ ဖြေသွားတယ်။ အဲ့ဒီတော့ ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ထုံးလုပ်နည်းတွေ၊ ရဲလက်စွဲဥပဒေနဲ့ ညီ၊ မညီတောင် သူတို့မသိဘူး ပေါ့နော်။ ပြောလည်းမပြောနိုင်ဘူး ”ဟု ဦးသန်းဇော်အောင်က ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ခရိုင်တရားရုံးက လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အား ထပ်မံချိန်းဆိုလိုက် ကာ အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦး ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် တရားလိုပြသက်သေ ၂၅ ဦးထိရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက် နေ့က စစ်ဆေးခဲ့သော တရားလို ဒုတိယရဲမှူးကြီးယုနိုင်မှာ ပထမဆုံး လိုပြသက်သေဖြစ်သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ- ၃ သည် ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြစ်သည်။ သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly