ဗီယက်နမ်က လမ်းဘေးခွေးသားဆိုင်များက လနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်ခင်းကျင်း

ဗီယက်နမ်က လမ်းဘေးခွေးသားဆိုင်များက လနှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်ခင်းကျင်း

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၄ ။            ။ ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျရောက်ကာ ကျင်းပမည့် လနှစ်သစ်ကူးပွဲတော်အတွက် ဗီယက်နမ်နိုင်ငံက စိုင်းပြင်းလျက် ရှိနေစဉ်မှာ လမ်းဘေးဈေးဆိုင်တန်းများသည်လည်း ပျားပန်းခတ်မျှ လှုပ်ရှားအသက်ဝင်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်မည်ဖြစ်သော အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ထုတ်ကုန်များနှင့် အစားအစာများတွင် တစ်ချို့သော အရပ်ဒေသများအတွက် မြိုမကျစရာ ဖြစ်နေသော်လည်း ဗီယက်နမ်၌ ဆယ်စုနှစ်များစွာ ဟင်းရာအမယ်ဖြစ်နေသည့် ခွေးသားလည်း ပါဝင်သည်။

ဟနွိုင်းမြို့တော်တွင်းက လူစည်ကားရာဈေးတစ်ဈေးတွင် ခွေးအသေကောင်များ ပြင်ဆင်ချက်ပြုတ်ကာ ခင်းကျင်းထားသည့် လမ်းဘေးခွေးသားဆိုင်များကို တွေ့ရသည်။

ထိုသို့ ခွေးသားဆိုင်များကို ခင်းကျင်းထားလျက် အများနှင့် စုစားရန်အတွက် အကောင်လိုက် ဝယ်ယူသူများအတွက်လည်းကောင်း၊ တစ်ချို့သောသူများက ဘာဘီကျူးအသားကင်ပုံစံ တံစို့ထိုးထားသော ခွေးကောင်လုံးကင်ကို ဖဲ့ယူစားသောက်နိုင်ရန်အတွက်လည်းကောင်း ပြင်ဆင်ရောင်းချလျက်ရှိနေသည်။

မြို့တော်အတွက် ထိုခွေးသားဆိုင်များက ရေပန်းစားသည့် လမ်းဘေးဆိုင်များပဲ ဖြစ်ကာ ထိုဈေးတစ်ဈေးလုံးမှာလည်း ခွေးသားရောင်းချသူများက အများစု ရှိနေခြင်း ဖြစ်သည်။

Asia Canine Protection Alliance အဖွဲ့၏ စစ်တမ်းအရ နှစ်စဉ် လူတို့ စားသုံးရန် ခွေးကောင်ရေ ငါးသန်းကျော် သတ်ဖြတ်ခံနေရကြောင်း သိရသည်။

ဗီယက်နမ်ဈေးကွက်သို့ မှောင်ခိုဝင်ရောက်သည့် ခွေးသားအများစုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ပြီး နှိမ်နင်းဖို့ရန်လည်း အခက်အခဲ ရှိနေသည်။

၂၀၁၄ ခုနှစ်က ဗီယက်နမ်အစိုးရသည် လူစားသုံးရန် တင်ပို့သော ခွေးသားများကို တရားဝင်ဆိုင်းငံ့ရေးအတွက် အထက်ပါနိုင်ငံများနှင့် သဘောတူညီမှုတစ်ရပ် လက်မှတ်ထိုးခဲ့သည်။

သို့သော် တိရစ္ဆာန်များအပေါ် ပြုစုဆက်ဆံမှု သဘောထားများ ချို့တဲ့သည့် အခြေခံရှိသော နိုင်ငံတွင်း ခွေးသားဟင်းလျာကို ခွေးရူးပြန်ရောဂါနှင့် ကာလဝမ်းရောဂါများအတွက် ဆေးဖက်ဝင်သော အသားဟင်းလျာဖြင့် စားသုံးမှုများက ရှိနေမြဲဖြစ်သည်။

လူတို့၏ ခွေးများအပေါ် စားသောက်ဖွယ်အသားလို သဘောထားမှုအား အိမ်မွေးတိရစ္ဆာန်လို သဘောထားမှုသို့ ပြောင်းလဲစေခြင်းဖြင့် အာရှဒေသ၏ ခွေးသားကုန်သွယ်မှုကိုလည်း NGOs အဖွ့ဲများက တိုက်ဖျက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly