အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုသည် မြန်မာပြည်တွင် တရားမျှတသော ဥပဒေစိုးမိုးမှု ကို တိုးတက်ဖြစ်ပေါ်စေမည်

အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုသည် မြန်မာပြည်တွင် တရားမျှတသော ဥပဒေစိုးမိုးမှု ကို တိုးတက်ဖြစ်ပေါ်စေမည်

ဤဆောင်းပါးသည် မြန်မာပြည်တွင် တရားမျှတသော ဥပဒေစိုးမိုးမှု တိုးတက်လွှမ်းမိုးရန် ကြိုးစားနေကြသူအားလုံးအတွက် ဖြစ်သည်။

ပြည့်စုံသော အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေစနစ်တစ်ရပ် နေသားတကျရှိလာပါက တရားဥပဒေကို ခံစားရရှိနိုင်ရန် လည်း ယေဘူယျအားဖြင့် ပိုမိုသေချာလာမည်ဖြစ်သည်။ သို့သော်လည်း ယခုလတ်တလော အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုကို တိုးတက် မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် “အလုပ်ဖြစ်နိုင်သော” လုပ်ငန်းအချို့ ရှိပါသည်။ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့်အများပြည်သူနှင့်ဆိုင်သော အုပ်ချုပ်ရေးဆိုင်ရာပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များကို ပထမ ဦးစားပေးအနေဖြင့် စံနှုန်းတစ်မျိုးတည်းသတ်မှတ်နိုင်ရန် အရေးကြီးပါသည်။

စံပြုလုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ (standard operating procedures) ကို ရေးဆွဲပေးခြင်းက ထိုသို့ သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ဥပဒေအသစ်များ အတွက်လည်း  ထိုလုပ်ထုံးလုပ်နည်းများ လိုအပ်မည်ဖြစ်သည်။ယခုလက်ရှိဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင်လည်း ဤလုပ်ငန်းစဉ်များကို ထည့်သွင်း ဆောင်ရွက်နိုင်ပါသည်။

မြန်မာပြည်၏ ဒီမိုကရေစီ အကူးပြောင်းကာလတွင် တရားမျှတသော ဥပဒေစိုးမိုးမှုကိုအကောင် အထည်ဖော်ရန် အစိုးရက ကြိုးစားနေချိန်၌ နိုင်ငံသားများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှု ရရှိခံစားနိုင်ရန် အရေးကြီးကြောင်းကိုလည်း သိရှိနားလည်ထားကြပြီဖြစ်သည်။ ထိုသို့ခံစားရရှိနိုင်ရန် အများပြည်သူ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တရားမျှတပြီး၊ ဥပဒေနှင့် ညီညွတ်ရန်နှင့်လုပ်ငန်းစဉ်များကို လမ်းညွှန်နိုင်မည့် ရှင်းလင်းသောစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ ထားရှိရန် လိုအပ်ပါသည်။ ထို့အပြင် နိုင်ငံသားများအနေဖြင့် ၎င်းတို့နှင့် ပတ်သက်သည့် ချမှတ်ထားပြီးသော ဆုံးဖြတ်ချက်များကိုလည်း ပြန်လည်သုံးသပ်ခွင့်နှင့်ပြင်ဆင်ခွင့်ကို တရားဝင်ရရှိသင့်သည်။

ပုဒ်မ ၂၂၄ (၂၀၀၈ အခြေခံဥပဒေ) တွင် ဤကိစ္စနှင့် ပတ်သက်သည့် အချို့နည်းလမ်းများကို အငြင်းပွားဖွယ် ဖော်ပြထားသည်။ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏ လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။ ထပ်မံ၍ ပုဒ်မ ၃၇၇-၃၇၈ တို့တွင် ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့် စသည့် စာချွန်တော်အမိန့်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းထားပြီး ၂၀၁၄ ခုနှစ် စာချွန်တော်အမိန့်များ အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ကိုလည်း ဆက်စပ် ပြဌာန်းခဲ့သည်

တရားမျှတမှုကို ခံစားရရှိနိုင်မည့် အရေးကြီးသော အစိတ်အပိုင်းများ တည်ရှိနေပြီဖြစ်သော်လည်း အဆင်သင့် အသုံးပြုနိုင်သည့် အနေအထားမရှိသေးပဲ ဥပဒေကို အကျိုးသက်ရောက်စေသည့် နည်းလမ်း များမှာလည်း နေ့တဓူဝ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် သင့်တော်မှု မရှိသေးပါ။

သို့သော်လည်း ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ အခြေခံမူများသည် မြန်မာပြည်၏ ဥပဒေ ယဉ်ကျေးမှုတွင် ဥပဒေတွင်းဖြစ်စေ၊ ဥပဒေ ပြင်ပဖြစ်စေ ရှင်သန်နေဆဲဖြစ်သည်။ ဤယဉ်ကျေးမှုသည် အုပ်ချုပ်မှုဆိုင်ရာ တရားမျှတမှုကို တိုးတက်ဖြစ်ထွန်းစေရန် အခြေခံများချမှတ်ပေးသည်။ အစိုးရနှင့် အုပ်ချုပ်ရေးယန္တရားက အခွင့်အာဏာအရ ဆုံးဖြတ်သောဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ရန် ဥပဒေများက ခွင့်ပြုထားသည်။ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေ၊ မြေယာဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့မှာ သာဓကများဖြစ်သည်။ သို့သော်ဤသာဓကများကပင် ပြဿနာများကို ဖိတ်ခေါ်နေကြသည်။

ပြန်လည်သုံးသပ်ခြင်းဆိုင်ရာပြဌာန်းချက်များသည် လုပ်ထုံးလုပ်နည်းအရ ရှင်းလင်းမှုမရှိခြင်း၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြန်လည်သုံးသပ်မှု အားလုံးနှင့်အကျုံးဝင်သည့် စံပြုလုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ (SOPs)မရှိခြင်း၊ ထိုလုပ်ထုံးလုပ်နည်းများကို အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့က သို့မဟုတ် တရားရုံးက တာဝန်ယူ ဆောင်ရွက်မှုမရှိခြင်း စသည်တို့ ဖြစ်သည်။ တစ်ချို့က ပြန်လည်သုံးသပ်ခြင်း ဖြစ်စဉ်ကိုနောက်ဆုံး အပြီးသတ် ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းဆိုင်ရာတူညီသောအခြေခံမူများကို ဌာနဆိုင်ရာ၊ မြို့နယ်၊ ကျေးရွာနှင့် အိမ်ထောင်စုအဆင့်များထိတစ်ထပ်တည်း တွေ့ရပြီး လက်တွေ့အသုံးပြုရာတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းမှုမရှိခြင်းကိုလည်း တစ်ထပ်တည်း တွေ့ရသည်။

တွေ့နေကျ အထောက်အထားများအရ အဖွဲ့တွင်း ပြန်လည်သုံးသပ်မှုလုပ်ငန်းကို ဆောင်ရွက်စဉ် ရှင်းလင်းသော စံပြုလုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်း (SOPs) များဖြင့် စနစ်တကျပွင့်လင်းမြင်သာစွာ ချဉ်းကပ် ဆောင်ရွက်ခြင်းမရှိပဲ ပါဝင်ပတ်သက်သူများအား မိမိတို့၏အတွေ့အကြုံများကို ပြောကြားရန် လုံလောက်သော အခွင့်အရေးမပေးကြောင်း၊ မူလ သို့မဟုတ်ပြန်လည်သုံးသပ်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်များအတွက် မည်သည့်အကြေင်းကြောင့် ထိုသို့ဆုံးဖြတ်ရသည်၊ ပြင်ဆင်ရသည်ဆိုသည့် အကြောင်းပြချက်များကို နှုတ်အားဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ ထုတ်ဖေါ် ပြောပြခြင်းမရှိကြောင်း တွေ့ရသည်။ ရလဒ်အနေဖြင့်လူတစ်ဦးတစ်ယောက်ချင်းက ပြည်ထောင်စု၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ၊လွှတ်တော်ကော်မရှင်၊ ကော်မတီများထံ တိုင်ကြားမှုများ ပျားပန်းခတ်လာခြင်းပင်ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များတွင်လည်း ထိုသို့တိုင်ကြားမှုများ ရှိလာသည်။ ပြည်သူများက ထိုသို့ တိုင်ကြားရန် ယုံကြည်မှု ရှိလာခြင်းကို လက်ခံကြိုဆိုသင့်ပါသည်။ သို့သော် အဆိုပါအဖွဲ့အစည်းများက တုန့်ပြန်ကြသည့်တိုင် ၎င်းတို့အနေဖြင့် ဥပဒေအရ စည်းနှောင်မှုရှိသောဆုံးဖြတ်ချက်များ ချမှတ်ပေးရန် သို့မဟုတ် ထိုဆုံးဖြတ်ချက်များကို ပြန်လည်ပြင်ဆင်ပေးရန်မတတ်နိုင်ပါ။

ထို့ကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုသည် စနစ်အားဖြင့် တည်ရှိနေသော်လည်း အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုကို ရရှိခံစားနိုင်မည့် လုံလောက်သော စနစ်တစ်ရပ်ရှိပြီဟူ၍ မပြောနိုင်ပါ။ ထိုကဲ့သို့သော စနစ်မျိုးဖြင့်သာ စည်းမျဉ်းများကို အခြေခံသော၊ စံပြု လုပ်ငန်း ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများဖြင့်အညီ ချမှတ်သော၊ ကြိုတင်ခန့်မှန်းတွက်ချက်၍ ရသော ဆုံးဖြတ်ချက်များ ဖြစ်လာစေမည်ဖြစ်သည်။ ထိုသို့သောစနစ်မျိုး ချက်ချင်း ပေါ်ပေါက်လာရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျလှပါ။ သို့သော် ထိုသို့ပေါ်ပေါက်လာရန် ရည်မှန်းချက်ထားပြီး ယခုအချိန်မှစတင်၍ ဆောင်ရွက်ခြင်းသည် လက်တွေ့ကျပါသည်။

အစိုးရအနေဖြင့် ပြည်သူ့ရေးရာမူဝါဒများ ရေးဆွဲချမှတ်ရာတွင် အုပ်ချုပ်မှုဆိုင်ရာဥပဒေ အညွှန်းဘောင် လမ်းညွှန်ချက်တစ်ရပ် ဖေါ်ထုတ်ရန် လိုအပ်ကြောင်း ကောင်းစွာသတိပြုမိပြီး ထိုအချက်ကို ထည့်သွင်းစဉ်းစားလျှက်ရှိကြောင်း ယုံကြည်ပါသည်။ ဤလမ်းညွှန်ချက်ကို အတည်ပြု ပြီးပါက ဝန်ကြီးအဖွဲ့က ထည့်သွင်းစဉ်းစားနိုင်ရန် ဝန်ကြီးဌာနဆိုင်ရာ မူဝါဒဌာနခွဲမှ “ဥပဒေကြမ်း အနှစ်ချုပ်” မူကြမ်းကို ရေးဆွဲနိုင်ပါသည်။ ထိုမူကြမ်းကို အတည်ပြုပြီးပါက အဆိုပါ အနှစ်ချုပ်သည် လွှတ်တော်ဆိုင်ရာ ဗဟို ဥပဒေကြမ်းကော်မတီသို့ ရောက်ရှိပါလိမ့်မည်။ နောက်ဆုံးတွင် လွှတ်တော်သို့ စဉ်းစားဆုံးဖြတ်နိုင်ရန် ပေးပို့ပါလိမ့်မည်။

လွှတ်တော်က မူကြမ်းကို လက်ခံပြီးလျှင် သက်ဆိုင်ရာ ကော်မတီသို့ လေ့လာစုံစမ်းခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပေးပို့ပါလိမ့်မည်။ ထို့နောက် သက်ဆိုင်ရာ အကြောင်းအရာအလိုက် ကော်မတီ(များ) သို့ ရောက်ရှိပြီး နောက်ဆုံးတွင် ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက ဥပဒေပုံစံ၊ စံနှုန်း၊ အခြေခံမူများနှင့် ညီညွတ်စေရန် အသေးစိတ် ပြန်လည်စစ်ဆေးပါလိမ့်မည်။

ဥပဒေကြမ်းကော်မတီများက လွှတ်တော်စုံညီအစည်းအဝေးသို့ နောက်ဆုံး တင်သွင်းပါလိမ့်မည်။ လွှတ်တော်က ထပ်မံ၍ အောက်ပါတို့ကို စဉ်းစားနိုင်ပါသေးသည်။

• ဥပဒေကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်သည် ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံသားတို့အား ပေးအပ်ထားသည့် အခွင့်အရေးများဖြင့် ကိုက်ညီခြင်းရှိမရှိ။

• ယေဘူယျ စံပြုလုပ်ငန်းလုပ်ဆောင်ခြင်း လုပ်ထုံးလုပ်နည်းများ (SOPs) ပါဝင်သော အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုအတွက် စံနှုန်းတစ်ခုအား ဥပဒေကြမ်းပြုစုရာတွင် လမ်းညွှန်သည့် အခြေခံမူနှင့် စံနှုန်းများအဖြစ် ပါဝင်ခြင်းရှိမရှိ။

ဤလုပ်ရပ်များသည် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဖြစ်စဉ် တို့အား အဆင့်မြှင့်ပေးပြီး အုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှု၏ အခြေခံမူများ ပါဝင်ရန် အာမခံ ပါလိမ့်မည်။ တရားဝင်ခြင်း သို့မဟုတ် အခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိမရှိ ဥပဒေအမြင်ဖြင့် စိစစ်နိုင်သောကြောင့် ဝန်ကြီး သို့မဟုတ် ဌာနဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း ကော်မတီသည် နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သူ ဟုတ်မဟုတ် ထိုလုပ်ငန်းစဉ်များဖြင့် မေးခွန်းထုတ်နိုင်သည်။

ပြည့်စုံသော အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေစနစ်ကို တည်ဆောက်ရန် အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော် အောက်ပါ ရလာဒ်များကို ရရှိနိုင်သောကြောင့် ထိုသို့တည်ဆောက်ရန် အလေးအနက် စဉ်းစားသင့်သည်။

• ဆုံးဖြတ်ချက်ချမှတ်ရာတွင် အသုံးပြုရမည့် လမ်းညွှန် အခြေခံမူများနှင့် စံပြုလုပ်ငန်း ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ (SOPs) ကို ချမှတ်ခြင်း

• ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ရာတွင် အသုံးပြုရမည့် စံပြုလုပ်ငန်း ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ (SOPs) ကို ချမှတ်ခြင်း

• ၎င်းတို့နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ပြည်သူများပါ ပါဝင်နိုင်သည့် လွတ်လပ်စွာ ပြန်လည်သုံးသပ်မှုများ ပြုလုပ်မည့် အုပ်ချုပ်ရေးဆိုင်ရာ အယူခံလွှာခုံရုံး တစ်ရုံး တည်ထောင်ခြင်း

• တရားမျှတသော ဥပဒေစိုးမိုးမှုကို တိုးတက်မြှင့်တင်ခြင်း

• ဥပဒေ၌ ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုအားကောင်းလာစေခြင်း

• ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အခြေခံအဖွဲ့အစည်းများ အားကောင်းမှုဆိုင်ရာအခြေခံမူများကို အကောင်အထည်ဖေါ်ရန် အထောက်အကူဖြစ်စေခြင်း (ဥပမာ-ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးဆိုင်ရာ ပန်းတိုင် ၁၆) (SDG 16)ဖက်ဒရယ်စနစ် အစိုးရတစ်ရပ်တွင် အုပ်ချုပ်ရေးဆိုင်ရာ ခုံရုံးများကို အစိုးရအဆင့်တိုင်းတွင်ထူထောင်နိုင်သည်။ မည်သည့် အစိုးရအဆင့်တွင်မဆို နိုင်ငံသားများနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံရာတွင် တရားမျှတသော ဆုံးဖြတ်ချက်ချမှတ်ခြင်း၌လည်းကောင်း၊ ထိုဆုံးဖြတ်ချက်များကို တရားမျှတစွာ ပြန်လည်သုံးသပ်ရာတွင်လည်းကောင်း   ပြည်သူများက ပါဝင်ပတ်သက်ခွင့်ရှိရမည် ဖြစ်သည်။

မြန်မာပြည်တွင် အထွေထွေအုပ်ချုပ်ရေးဌာန (GAD) က ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အုပ်ချုပ်ရေး လုပ်ငန်းအများစုကို တာဝန်ယူလျှက်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သောတပ်မတော် အရာရှိ တစ်ဦးဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သော ပြည်ထဲရေးဝန်ကြီး ဌာနသို့အထွေထွေ အုပ်ချုပ်ရေးမှူးများက အစီရင်ခံရသည်။ အထွေထွေအုပ်ချုပ်ရေးဌာနက ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပုံအတွင်း အကောင်အထည်ဖေါ်နေခြင်းဖြစ်ရာ တာဝန်နှစ်ခုယူထားခြင်း ဖြစ်၍ ယင်း၏ဝက်ဘ်ဆိုဒ်တွင် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရတို့၏ ပေးအပ်သော တာဝန်များ ဟုအတိအလင်း ဖော်ပြထားသည်။

အထွေထွေအုပ်ချုပ်ရေးဌာနက ဖေါ်ပြထားသော ရည်ရွယ်ချက်များကို တရားဥပဒေစိုးမိုးမှု ဖြင့်အစပြုထားပြီး မဏ္ဍိုင်ကြီးလေးခုအနက် တစ်ခုမှာ “ဘက်မလိုက်သော အုပ်ချုပ်ရေးယန္တရားကိုအာမခံရန်” ဖြစ်သည်ဟု ဖော်ပြထားသည်။ ဤဖော်ပြချက်များအားလုံးက ပြီးပြည့်စုံသောအုပ်ချုပ်ရေးဆိုင်ရာ တရားမျှတမှုစနစ် တစ်ရပ် နှင့် တိုင်းပြည်၏ ပြည်သူလူထု အုပ်ချုပ်ရေးစနစ်တစ်ခုလုံးတွင် အသုံးပြုနိုင်မည့် ဥပဒေတစ်ရပ် ထပ်မံရေးဆွဲရာတွင် အထောက်အကူဖြစ်ပါလိမ့်မည်။

အစိုးရများက ၎င်းတို့၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များဖြင့် နိုင်ငံသားများအပေါ် ကျယ်ပြန့်သော အာဏာစက်ကို သက်ရောက်စေသည်။ ထိုအာဏာကို “စစ်ဆေးခြင်းနှင့်ထိန်းညှိခြင်း” ဖြင့် ထိန်းချုပ်ရန် လိုအပ်သည်။အုပ်ချုပ်ရေးဥပဒေဆိုင်ရာ ပြီးပြည့်စုံသောစနစ်က ထိုအာဏာကို ထိန်းချုပ်ပေးပါလိမ့်မည်။

Janelle Saffin သည် မြန်မာပြည်၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ရှေ့နေတစ်ဦးလည်း ဖြစ်သည်။ သြစတြေးလျားနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း (ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်) တစ်ဦးဖြစ်ပြီး ပြည်နယ်နှင့် ပြည်ထောင်စု အုပ်ချုပ်ရေး ခုံရုံးများတွင် တရားရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

Mizzima Weekly