လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရန် အာမခံချက်ပေးနိုင်သည်မှာ NCA သာ ဖြစ်ကြောင်း တပ်ချုပ်ဆို

လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရန် အာမခံချက်ပေးနိုင်သည်မှာ NCA သာ ဖြစ်ကြောင်း တပ်ချုပ်ဆို
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ။           ။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အကောင်းဆုံး အာမခံချက်ပေးနိုင်သည့်အရာသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သာ ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်၌ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြောဆိုသွားခြင်းဖြစ်သည်။

"နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလန်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာကလည်း NCA စာချုပ်ပဲ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားခြင်းဖြစ်သည်။

ယင်းအပြင် NCA အား လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်၌ ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်သာဖြစ်ပြီး နှစ်ပေါင်း ၆၀ကျော် ၇၀ နီးပါး အဖြေရှာမရသည့် နိုင်ငံရေး ပြဿနာများကို တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးအဖြေရှာညှိနှိုင်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

"NCA ကို လက်မှတ်ရေးထိုးခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးခြင်းမဟုတ်ဆိုတဲ့ အယူအဆရှိသူတွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်ရှိသူအချို့လည်း တွေ့ရှိရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်များအနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။

ယမန်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းများအပြင် နိုင်ငံခြားသံတမန်များလည်း  တက်ရောက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags