တရုတ်တွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ရန်ငြင်းဆန်

တရုတ်တွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ရန်ငြင်းဆန်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး။ ဓာတ်ပုံ - ရိုက်တာ

တိုကျို၊ သြဂုတ် ၂၄ ။         ။ နောက်လတွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အခမ်း အနားသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်လိမ့်မည် မဟုတ်ပေ။ ဂျပန်ပြည်သူများက လမ်းမများပေါ် ထွက်လာကြပြီး အာဘေး၏ စစ်ဝါဒဆန်သည့် ပေါ်လစီများကို ဆန့်ကျင်ကန့်ကွက် နေကြချိန်တွင် ယခုကဲ့သို့ အာဘေးက ငြင်းဆန်ခဲ့ခြင်းပင် ဖြစ်သည်။

“စက်တင်ဘာ ၃ ရက်နေ့ အခမ်းအနားကို အာဘေးတက်ရောက်မှာ မဟုတ်ပါဘူး’’ ဟု သြဂုတ် လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါက ဂျာနယ်လစ် များကိုပြောကြားသည်။ အာဘေး၏ အစိုးရက လက်ရှိပါလီမန် အစည်းအဝေးကာလအတွင်း ဥပဒေသစ်များကို ပြဋ္ဌာန်း ရန် ထက်သန်နေသည်။

အနောက်ခေါင်းဆောင်များကလည်း တရုတ်နိုင်ငံမှ စစ်ရေးပြ အခမ်းအနားများနှင့် ခပ်ကင်း ကင်း နေကြသောကြောင့် တိုကျို၏ မဟာမိတ်များက အမြင်မကြည်မည်စိုးသည့်အတွက်လည်း အာဘေးမှာ အခမ်းအနားတက်ရောက်ရန် စိုးရိမ်ကြောင့်ကြနေသည်ဟု အဆာဟိရှင်ဘွန်း နေ့စဉ် သတင်းစာက ရေးသားသည်။

သို့ရာတွင် ယခုနှစ်အကုန်လောက်တွင် နှစ်နိုင်ငံ ထိပ်သီးညီလာခံကို အကောင်အထည်ဖော်ရန် အခွင့်အရေးကို ဂျပန်အစိုးရ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံတကာ အစည်းအဝေးတွေရဲ့ ဘေးပန်းအနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးလာဖို့ ခင်းကျင်းပြင်ဆင်ခြင်းအားဖြင့် တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်သွားမှာပါ’’ ဟု ဆူဂါ ကပြောကြား သည်။

တရုတ်မီဒီယာများက “ဂျပန်ကျူးကျော်စစ်ကို တရုတ်ပြည်သူများ၏ အောင်ပွဲ” ဟု ခေါ်ဝေါ်ကြ သည့် စစ်ရေးပြချီတက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့များက တရုတ်အရပ်သားများကို သန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့ဖွယ် ရှိသည်။ တရုတ်အာဏာပိုင်များက ဂျပန်ခေါင်းဆောင်များမှာ ၎င်းတို့၏ အပြစ်ကို အပြည့်အဝ ဝန်ခံခြင်းမရှိခဲ့ဟု စွပ်စွဲ ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly