၀န်ကြီးချုပ် နေတန်ယာဟုအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရန် အစ္စရေးရဲတပ်ဖွဲ့ အကြံပြုထောက်ခံ

၀န်ကြီးချုပ် နေတန်ယာဟုအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရန် အစ္စရေးရဲတပ်ဖွဲ့ အကြံပြုထောက်ခံ

ဖေဖော်ဝါရီ ၁၄ ။            ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား လာဘ်ပေး လာဘ်ယူမှုနဲ့ စွဲချက်တင်သွားဖို့အတွက် အစ္စရေးရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြံပြုထောက်ခံသွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုပါ ထောက်ခံအကြံပြုမှုကြောင့် ယင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို လှုပ်ခါသွားစေခဲ့သလို ကာလကြာ ရာထူးဆုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ သက်တမ်းဟာလည်း မကြာမီ ဆုံးခန်းတိုင်သွားဖို့ နီးလာပြီလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ယခုလို ခြစားမှုနဲ့ ၎င်းအပေါ် စွဲချက်တင်သွားဖို့ကိစ္စကို ရဲတပ်ဖွဲ့က ထောက်ခံခဲ့ပါတယ်ဆိုတာကိုလည်း နေတန်ယာဟု ကိုယ်တိုင်က ထုတ်ဖော်အတည်ပြုသွားပါတယ်။

အစ္စရေးနိုင်ငံကို ၁၂ နှစ်နီးပါးကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ နေတန်ယာဟုက ပြောကြားရာမှာတော့ သူ့အနေနဲ့ ယခုကိစ္စမှာ အပြစ်လုံ့ဝမရှိပါကြောင်းနဲ့ လက်ရှိ ရာထူးကနေ နှုတ်ထွက်ပေးဖို့ စိတ်ကူးမရှိကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

" ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်ဟာ စုံစမ်းစစ်မေးမှုအကြိမ်အရေအတွက် အနည်းဆုံး ၁၅ ခုလောက်နဲ့ ကြုံခဲ့ရပြီးပါပြီ၊ ခုလို ကျွန်တော့်ကို စွဲချက်တင်ဖို့ ကြိုးပမ်းခဲ့သမျှ အားလုံးကလည်း နောက်ဆုံးတော့ ဘာမှ အရာထင်ခဲ့တာမရှိပါဘူး၊ ခုတစ်ကြိမ်လည်း ဒီလိုပဲ လာပါလိမ့်မယ်" ဆိုပြီး နေတန်ယာဟုက နိုင်ငံတော် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အစ္စရေး ရဲတပ်ဖွဲ့က ပြောဆိုရာမှာတော့ ဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ လာဘ်ယူမှုတွေ လုပ်ထားတာ၊ လိမ်လည်ထားတာ၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို ချိုးဖောက်ထားတာ တွေ ရှိနေခဲ့တာကြောင့် ယခုလို ၎င်းကို စွဲချက်တင်ဖို့ ထောက်ခံအကြံပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုဟာဆိုရင် ဟောလိဝုဒ် ပရိုဂျူဆာ အာနွန် မီလ်ချန် နဲ့ သြစတြေးလျ ဘီလျံနာ ဂျိမ်းစ် ပက်ကာ တို့ထံကနေ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေလက်ခံထားတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags