စစ်စခန်းတိုက်ခိုက်ခံရ၍ ပါကစ္စတန်အား ပြန်လည်ပေးဆပ်ရမည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး သတိပေး

စစ်စခန်းတိုက်ခိုက်ခံရ၍ ပါကစ္စတန်အား ပြန်လည်ပေးဆပ်ရမည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး သတိပေး

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ။           ။ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသရှိ စစ်စခန်းတစ်ခုကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက တိုက်ခိုက်ခံခဲ့ရမှု တွင် နောက်ကွယ်မှ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ဖြစ်သည့် Jaish-e-Mohammed အဖွဲ့ ပါဝင်နေခဲ့ပြီး ပါကစ္စတန်အနေဖြင့် ယင်းတိုက်ခိုက်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်က အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုလိုက်သည်။

ပါကစ္စတန်ရင်းမြစ်ဖြစ်သော တရားမဝင်စစ်သွေးကြွအဖွဲ့နှင့် ယင်း၏ ခေါင်းဆောင် မာဆော့အဇာဟာတို့က အိန္ဒိယစစ်စခန်း တိုက်ခိုက်မှုတွင် ပါဝင်နေသည့် သက်သေအထောက်အထားများကို ပါကစ္စတန်သို့ ပေးပို့မည်ဖြစ်ကြောင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အရပ်ဖြစ်သော ဂျမ်မူးတွင် သတင်းထောက်များအား ကာကွယ်ရေးဝန်ကြီး နာမာလာဆစ်သာရာမန်းက ပြောသည်။

အဆိုပါပြောကြားချက်အပေါ် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ချက်တစ်ရပ်ထုတ်ကာ ငြင်းဆန်ပြီး အိန္ဒိယတာဝန်ရှိသူများနှင့် မီဒီယာများက လုပ်ကြံမှုသက်သက်သာ ဖြစ်သည်ဟု ပယ်ချလိုက်သည်။

ထို့ပြင် “ပါကစ္စတန်ကို အိန္ဒိယ၏ သွားပုပ်လေလွင့် ပြောဆိုဟုသာ ကမ္ဘာ့အသိုင်းအဝန်းက ယူဆမှာ ဖြစ်ပြီး စစ်ရိပ်စစ်ငွေ့မကင်းပုံကို တမင်ဖော်ကျူးနေသည့် လုပ်ဆောင်ချက်ပဲ ဖြစ်သည်ဟု ယုံကြည်ကြောင်း” ပါကစ္စတန်ဘက်မှ ထုတ်ပြန်ထားသည်။

မတည်မငြိမ်ဖြစ်နေရာ ဟိမဝန္တာဒေသအတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်က ဒေသ၏ အဓိကမြို့ဖြစ်သော သီရိနာဂါတွင် လက်နက်ကိုင်နှစ်ဦး ပစ်ခတ်မှုဖြစ်ရာမှ စစ်သားတစ်ဦး သေဆုံးခဲ့သည်။
ထိပ်တိုက်တွေ့မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရေးအတွက် သတိထားစောင့်ကြပ်နေကြောင်း သီရိနာဂါရှိ စစ်ဖက်တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က အနည်းဆုံး လက်နက်ကိုင်တိုက်ခိုက်ရေးသမားသုံးဦးက ဆန်ဂျူဝန်စစ်စခန်းကို အရုဏ်တက်ချိန် လာရောက်တိုက်ခိုက်၍ အိန္ဒိယတပ်သားများနှင့် ၄၈ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်သား ငါးဦးနှင့် အရပ်သား တစ်ဦးသေဆုံးကာ ၁၁ ဒဏ်ရာရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly