တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ
ဓာတ်ပုံ - Myanmar State Counsellor Office

 

နေပြည်တော် ဖေဖေါ်ဝါရီ ၁၃ ။                 ။ ဒီကနေ့အခမ်းအနားကတော့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးကြတဲ့ အခမ်းအနား ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးတဲ့ အဖွဲ့အရေအတွက် မများလှဘူး ဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက် အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ ခရီးက မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတစ်ကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ ဒီလို ခြေတစ်လှမ်းကို ရဲရဲကြီး တက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောလိုပါတယ်။

NCA ဟာ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လမ်းဆုံး မဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းတွေရဲ့အစ၊   တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းတိုင်ပင်အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ဖြစ်ခဲ့တာပါ။ ဒီကနေ့ဆိုရင် နှစ်ပေါင်း ခုနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ကျွန်မတို့နဲ့ မရှေးမနှောင်း လွတ်လပ်ရေး ရရှိခဲ့တဲ့ နိုင်ငံတွေ၊ ကျွန်မတို့နိုင်ငံရဲ့ နောက်မှ လွတ်လပ်တဲ့နိုင်ငံ ထူထောင်နိုင်ခဲ့တဲ့ နိုင်ငံတွေ ဒီကနေ့ဒီအချိန်မှာ ရှေ့ကိုအများကြီး ဆက်လျှောက်နေကြပါပြီ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေကတော့ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ မတည်မငြိမ် စိုးစိုးရွံ့ရွံ့နေကြတုန်းပါပဲ။ တိုက်ပွဲ တွေကြောင့် ကြောက်လန့်တကြား အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတယ်။ စာသင်ကျောင်း တွေမှာ စာအံသံတွေ တိတ်ဆိတ်နေပြီး လယ်ယာ စိုက်ခင်းတွေမှာ ပေါင်းပင်မြက်ပင်တွေ ဖုံးလွှမ်းနေကြရတယ်။ အဓိကအကျဆုံးကတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေး သူငယ်လေးတွေ အသက်အန္တရာယ် လွတ်ကင်းအောင် တိမ်းရှောင်နေကြရခြင်းပဲ ဖြစ်ပါတယ်။

သံသယတွေ၊ မုန်းတီးမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးအနေနဲ့ ဒီဒေသတွေဟာ မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်၊ ယနေ့ထက်တိုင် နောက်ကျ ကျန်ရစ်နေရ တုန်းပါပဲ။ ပြည်သူတွေဟာလည်း အကြောက်တရားနဲ့ နေ့စဉ်ရှင်သန်နေထိုင်ကြရ ပါတယ်။ ဒီကနေ့အထိ၊ (၂၁)ရာစုခေတ်သစ်အထိ ကျွန်မတို့ တိုင်းရင်းသားကလေး သူငယ်တွေရဲ့ အနာဂတ်တွေ အမှောင်ဖုံးနေတုန်းပါပဲ။ ဒီအခြေအနေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျွန်မတို့ မလုပ်နိုင်ကြသေးပါဘူး။ ဝမ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းသေးနိုင်ကြသေးပါဘူး။ နိုင်ငံတကာမှာ ပြောကြတယ်။ စစ်ဒဏ်ကြုံပြီး အရမ်းကို တိုးတက်သွားကြတဲ့ နိုင်ငံတွေက ပြောကြတယ်။ စစ်ဘေး စစ်ဒဏ် သင့်ခဲ့ဘူးရင် ညီညီညွတ်ညွတ် ကြိုးကြိုးစားစား ရုန်းကန်ချင်တဲ့ စိတ်ဓါတ် မြင့်မားတယ်၊ ဒါကြောင့် တိုးတက်လာကြတာလို့ ဆိုကြပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဒီလိုမျိုး မဖြစ်နိုင်ခဲ့ ပါဘူး။ ဒီကနေ့အထိလည်း မဖြစ်နိုင်သေးပါဘူး။

ဒီကနေ့ လက်မှတ်ထိုးမယ့် သတင်းတွေ ပေါ်ထွက်လာချိန်မှာ အဲဒီဒေသက ပြည်သူတွေ ဝမ်းသာကြ၊ ပျှော်ရွှင်ကြနဲ့ ကြည်နူးစရာ သတင်းတွေ ကြားသိရပါတယ်။ ပြည်သူတွေရဲ့ ပထမဆုံး သိသာထင်ရှားတဲ့ ပြောင်းလဲမှုက လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားခြင်းပဲ ဖြစ်ပါတယ်။ မတရားအသင်း မဟုတ်တော့ဘူး၊ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်တော့ဘူးဆိုတဲ့ အသိကြောင့် ဆက်သွယ်ပြောဆိုဆက်ဆံရာမှာ အကြောက်တရားတွေ လျော့သွားတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတော့မယ်ဆိုတဲ့ အသိနဲ့ အနာဂတ်အတွက် မြင်ယောင်ဝမ်းသာ ကြတယ်။ ဒီကနေ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးနေပြီဖြစ်တဲ့ အခြားပြည်နယ်ကို လှမ်းမျှော်ကြည့်ပြီး လူမှု-စီးပွား အစစ အရာရာ တိုးတက်ပြောင်းလဲ လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပေါ် လာကြတယ်၊ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးတဲ့ ဒေသတွေ ဖြစ်ပေါ်လာတယ် ဆိုတာ သိရပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေအကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) တွေ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေ သိစေချင် တာက အဲဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွား ဖွယ်ရာတွေ ဖြစ်လာရင် ဘယ်လို ညှိနှိုင်းဖြေရှင်းမလဲ ဆိုတာတွေ၊ ညှိနှိုင်း ဖြေရှင်းရေး ယန္တရားတွေ မပါပါဘူး။ NCA ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်း သွားအောင်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်း ဆွေးနွေး ဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့ စတင်ခြင်း အသစ်လို့ ပြောချင်ပါတယ်။

တစ်ချိန်တည်းမှာပဲ NCA ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ကြမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို စတင်ဖို့ သဘောတူညီချက်တွေ ပါရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေ ဖြစ်ပေါ်လာအောင် နည်းလမ်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ပေါ်ပေါက်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြလို့ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ ပြည်သူတွေ ကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာ ကနေ ကျွန်မအနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ ကျွန်မတို့ အစိုးရလက်ထက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့ရုံသာမက ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံရေးသဘောတူညီချက် (၃၇)ချက်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် ဒါဟာ ပထမဦးဆုံး စတင်နိုင်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သလို ဘယ်လိုဆွေးနွေးကြမယ်ဆိုတဲ့ မူဘောင်တွေ စနစ်တကျ ရေးဆွဲပြီးမှ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ပထမဦးဆုံး အတွေ့အကြုံ ဖြစ်ပေမယ့် လည်း ကျွန်မတို့ရဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှာပဲ ဖြစ်ဖြစ်၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေနဲ့ ညီလာခံ ဆွေးနွေးပွဲတွေမှာ တစ်ကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ပါဝင်ဆောင်ရွက်ခဲ့ ကြတာဟာ အားရစရာ အထူးပဲ ကောင်းလှပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ့် အခြေခံမူတွေကို စိတ်အားထက်သန်စွာ စဉ်းစားသုံးသပ် ဆွေးနွေးညှိနှိုင်းခဲ့ကြတာဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံးမှတ်တိုင်တွေ ဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်သေးတဲ့ အဖွဲ့အစည်း တွေ၊ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေ ကျန်ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြိုကြားကြိုကြား ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံအောက်ပိုင်းမှာ ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပ နေပေမယ့်လည်း တစ်နိုင်ငံလုံး ခြုံလွှမ်းနိုင်အောင် မပေးနိုင်သေးပါဘူး။ ကျွန်မတို့ အားလုံး ကိုယ်စီကိုယ်စီ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားကြရဦးမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေး ရရှိပြီးကတည်းက ကျွန်မတို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အင်အားပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ တိုင်းပြည် မငြိမ်းချမ်းတဲ့အတွက် တည်ငြိမ်မှု ကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ အဘက်ဘက်က နောက်ကျလို့ အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲကိုတောင် သက်ဆင်းကျရောက်ခဲ့ရပါတယ်။ နိုင်ငံလည်း နစ်နာ၊ လူထုလည်း နစ်နာ၊ ပြည်ထောင်စုရဲ့အနာဂတ်လည်း နစ်နာခဲ့ရပါတယ်။ ဒီကနေ့ ဒီအချိန် ကျွန်မတို့ နိုင်ငံမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ အားလုံး သိကြတဲ့အတိုင်း နိုင်ငံတကာအလယ်မှာ ကျွန်မတို့နိုင်ငံဟာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှု တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့ အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး အများသူငှါက လေးစားရတဲ့ နိုင်ငံတော်ကို ကျွန်မတို့ ထားရစ် ခဲ့မှာလား၊ အလေးအနက်ထား စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

နောက်ထပ် ဘယ်အချိန်အထိ ကျွန်မတို့ ပြည်သူတွေ စောင့်ဆိုင်းနေကြရဦး မှာလဲ။ ဘယ်အချိန်အထိ ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးစိုးနေဦးမှာလဲ၊ နောက်ထပ် ဘယ်အချိန်အထိ မညီညွတ်တဲ့နိုင်ငံဘဝနဲ့ နေနေကြရဦးမှာလဲ။ အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေကို စတင်ခဲ့ကြတဲ့သူတွေကတော့ ဒီကနေ့ ဒီအချိန်မှာ ဒီလောကကြီးထဲမှာ မရှိကြတော့ပါဘူး။ အမွေဆိုးအဖြစ် ထားရစ်ခဲ့တဲ့ ဒီပဋိပက္ခတွေကို ဆက်လက် သယ်ဆောင်ပြီး ကျွန်မတို့လက်ထက်မှာလည်း စစ်မီးမငြိမ်း၊ မြက်ခင်းမစိမ်း နိုင်သေးဘဲ ယမ်းငွေ့‌တွေ ဝေနေဦးမှာလား၊ ဆက်ပြီးတော့လည်း ယမ်းငွေ့တွေ ဝေနေစေချင်သေးတာလား ဆိုတာကို ကိုယ့်ကိုကိုယ် မေးကြရမှာပါ။

ကျွန်မတို့ရဲ့ နိုင်ငံထူထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ အခွင့်အရေး သာတူညီမျှရှိတဲ့၊ ဝါဒရေးရာ ဖြူစင်တဲ့ ပြည်ထောင်စုကြီး တည်ထောင်နိုင်ဖို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်မတို့အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပါ ပြီ။ တိုင်းပြည်နာလှပြီဖြစ်သလို ကျွန်မတို့ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်း(၇၀)ကျော်လွန်ခဲ့ပါပြီ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး ရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါတယ်။

အတိတ်က သံသယတွေ၊ အာဃာတတွေ ပစ္စုပ္ပန်အပေါ် အရိပ်ထိုး တတ်ကြပါ တယ်။ ဒါဟာ လူ့သဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး ပြီးခဲ့တဲ့ အတိတ်ကို သင်ခန်းစာယူပြီး တိုင်းပြည်ရဲ့အနာဂတ်အတွက်၊ ကျွန်မတို့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရှေ့ကို ခြေလှမ်းတစ်လှမ်း ရဲရဲကြီး လှမ်းလိုက်ဖို့ ပြောချင်ပါတယ်။ လက်နက်တွေ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေမှာ မိသားစု အချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် စတင်မှုအသစ်တစ်ခုကို အစပြုပေးကြဖို့ ပြောကြားလိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ဦးတည် ကြိုးပမ်းနေတဲ့ (၂၁)ရာစုပင်လုံညီလာခံ လမ်းကြောင်းကို မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းသွားဖို့ သန္နိဌာန် ချထားပြီးဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လို စိန်ခေါ်မှုမျိုး ကြုံတွေရသည် ဖြစ်စေ ဖက်ဒရယ်ပန်းတိုင် အပျောက်မခံဘဲ ခြေလှမ်းမှန်မှန် နဲ့ ရှေ့ကို ဆက်ပြီး လျှောက်လှမ်းသွားမှာဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required