လူမနေသည့် တဲအတွင်း မိန်းကလေးငယ် သေဆုံးမှုအတွက် သံသယတရားခံကို ဖမ်းဆီး

လူမနေသည့် တဲအတွင်း မိန်းကလေးငယ် သေဆုံးမှုအတွက် သံသယတရားခံကို ဖမ်းဆီး

 

ဖေဖော်ဝါရီ ၁၃ ။                    ။ အသက်(၉)နှစ်အရွယ်မိန်းကလေး ၁ ဦး တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြား ယာမြေအတွင်းရှိ လူမနေသည့်တဲအတွင်း အသတ်ခံခဲ့ရမှုအတွက် ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။

မိုင်တိုင်(၂၇၃/၃-၄)ကြား ကိုကျော်စိုး (ရွှေမိတ္တကုန်တင် ယာဉ်လိုင်း ပိုင်ရှင်)၏ ယာမြေ တဲအတွင်း မxxxxx(၉)နှစ် အား လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့  မွန်းလွဲ ၂နာရီခွဲခန့်အချိန် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ဖခင်က ယမန်နေ့ ညနေ ၄ နာရီ ၄၀ ခန့်တွင် တပ်ကုန်းမြို့မရဲစခန်း၌ (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် တိုင်တန်းအမှုဖွင့်ခဲ့သည်။

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များအရ သေဆုံးသူ မ xxxxx နှင့် ကိုပို(ခ) တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကိုပို(ခ) တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ရာ မxxxxx အား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် မxxxxxမှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးသွား၍ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မxxxxx လည်ပင်းအား ချည်နှောင်ထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ပြည်ထဲရေးမှ ယနေ့ ထုတ်ပြန်သည်။

ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသော ကိုပို(ခ) တင်ရွှေ(၄၃)နှစ်အား ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly