နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲပြုလုပ်

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲပြုလုပ်

ဖေဖော်ဝါရီ ၁၃ ။          ။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရန်ကုန်တိုင်းတိုက်ကြီးမြို့ နယ် ရွှေချိုးဖြူခန်းမ၌ ကျင်းပကြောင်း သိရသည် ။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို တိုက်ကြီး BG သွေးကူညီပေးရေးပရဟိတကွန်ယက် နှင့် အဖြူရောင်လက်များ တေးဂီတပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။  

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့၏ ဦးဆောင် သူများထဲမှ တစ်ဦးဖြစ်သော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ဦး(တိုက်ကြီး)က “ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ ဘဝတူတွေ ထောင်ထဲမှာအတူနေခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေ ကိုအတတ်နိုင်ဆုံး ကျန်းမာရေးအရ ကူညီစောင့်ရှောက်ပေးဖို့ရယ် နေစရာဖန်တီးပေးဖို့ရယ် ရင်ဘတ်တူ ၊နှလုံးသားချင်းတူ ၊ခံစားချက်ခြင်းတူ ၊ အသိခြင်းတူ ၊နားလည်မှုခြင်းတူတဲ့ ကျွန်တော်တို့တတ်နိုင်တဲ့ နိုင်/ကျဉ်းတွေစုပြီး လုပ်ကြတာပါ ” ဟု ပြောသည်။

လက်ရှိတွင် တိုက်ကြီး -ဖောင်ကြီးလမ်းပေါ်ရှိ အုန်းနှဲပင်ကျေးရွာ တွင် မြေနေရာ ၁ ဧကခွဲ ရရှိထားပြီး အဆောက်အဦများ ဆောက်လုပ်ကာ ကျန်းမာရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးသွားရန် ရည်ရွယ်သည်ဟု သိရသည်။

“ ပထမအဆင့်က မြေပိုင်ဆိုင်မှုရအောင်လုပ်တယ် ခု တစ်ဧကခွဲရပြီ ၊နောက် တစ်ဧကခွဲလောက် ထပ်ရဖို့ ရှိပါတယ် ။ ဒုတိယလုပ်ငန်းစဉ်ကတော့ ကော်မတီဖွဲ့မယ်။ ဖွဲ့တော့မယ် ပေါ့ ။ တတိယအဆင့်ကတော့ အဆောက်အဦတွေ ဆောက်မယ် ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကို စားဝတ်နေရေး ကျန်းမာရေးနဲ့ အလုပ်အကိုင် ဖန်တီးပေးမယ်ပေါ့” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ဦး(တိုက်ကြီး)က ပြောသည်။

ယင်းကဲ့သို့ ဖြစ်မြောက်ရေး ဦးဆောင် မတည်သောသူများမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြသည့် ကိုသက်ဦး(တိုက်ကြီး)၊ ကိုမင်းဦး ၊ ကိုဇော်ဇော်အောင်၊ ကိုမိုးမြင့်ဦးနှင့် စုစုပေါင်း ၁၀ ဦးခန့် ရှိသည်ဟုလည်း သိရသည် ။

အဆိုပါရန်ပုံငွေဖျော်ဖြေပွဲပွဲကို နေ့လည်၂ နာရီ မှ ညနေ ၅ နာရီအထိ ပြုလုပခဲ့ပြီး တိုက်ကြီး -ဖောင်ကြီး လမ်း ပေါ်ရှိ အုန်းနှဲပင်ကျေးရွာမြေနေရာကို မီဒီယာများအား လိုက်လံပြသခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly