အက်စတွန်ဗီလာတွင် ဆက်ရှိ၊မရှိကို ရာသီကုန်တွင် တယ်ရီဆုံးဖြတ်မည်

အက်စတွန်ဗီလာတွင် ဆက်ရှိ၊မရှိကို ရာသီကုန်တွင် တယ်ရီဆုံးဖြတ်မည်

 

ဖေဖော်ဝါရီ ၁၃၊ ဗီလာ။                   ။ ဝါရင့်နောက်ခံလူ ဂျွန်တယ်ရီသည် ရာသီကုန်တွင် ၎င်း၏အနာဂါတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။ အသက် ၃၇ နှစ် အရွယ်ကစားသမားအနေဖြင့် အက်စတွန်ဗီလာနှင့် တစ်နှစ်သက်တမ်းထပ်တိုးခွင့်ရှိသော်လည်း ဗီလာအသင်း၏တန်းတက်ခွင့်ရ မည့်အခြေအနေအပေါ်မူတည်နေသည်။

ချန်ပီယံရှစ်တွင်ဒုတိယနေရာရောက်နေသည့် ဗီလာအသင်းတန်းတက်ခွင့်ရခြင်းမှာ တယ်ရီကိုဆွဲဆောင်နိုင်မည့်ကိစ္စဖြစ်သော် လည်း အခြားတဖက်တွင်လည်း တယ်ရီသည် အသင်းဟောင်းချယ်လ်ဆီးနှင့် ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်လိုခြင်းမရှိပေ။

ချယ်လ်ဆီးနှင့်ပြိုင်ဘက်အဖြစ်ပြန်လည်ရင်မဆိုင်လိုသောကြောင့် ဆွမ်ဆီး၏ကမ်းလှမ်းမှုကိုပင်ပယ်ချခဲ့သည်ဟု တယ်ရီက ပြောဖူးသည်။

“ပရီးမီးယားလိဂ်မှာ မကစားချင်ပါဘူး။ ချယ်လ်ဆီးကိုပြိုင်ဘက်အဖြစ်မကစားချင်ဘူး။ ချယ်လ်ဆီးနည်းပြဟောင်း ပေါကလီမန့် ဆွမ်ဆီးကိုကိုင်နေတုန်းက ကျွန်တော့်ကိုတော်တော်လေးဆွယ်ခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ မဆုံးဖြတ်နိုင်ခဲ့ဘူး”ဟု တယ်ရီက ဒီဇင်ဘာတွင် စကိုင်းစပို့စ်သို့ပြောထားသည်။

တယ်ရီအနေဖြင့် ၎င်းကိုစိတ်ဝင်စားနေသည့် တရုတ်၊ အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသမှလိဂ်များသို့ ပြောင်းရွှေ့ရန် ရွေးချယ်စရာလည်းရှိနေသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly