ဘင်္ဂါလီများ နေရပ်ပြန်ရေး ဗြိတိန်မှ ကူညီပေးမည်

ဘင်္ဂါလီများ နေရပ်ပြန်ရေး ဗြိတိန်မှ ကူညီပေးမည်

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ။                ။ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) များသည် ရခိုင်ပြည်နယ်အတွင်းရှိ သူတို့၏ မူလနေထိုင်ရာရာ ဒေသများကို လုံခြုံစိတ်ချစွာနှင့် သိက္ခာရှိစွာ ပြန်လည်သွားလာ   နေထိုင်ခွင့်ရရှိရန် လိုအပ်သည်ဟု  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘော့ရစ်ဂျွန်ဆင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

သူ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောသို့ နေ့ချင်းပြန် သွားရောက်ခဲ့ပြီးနောက် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) များ မြန်မာနိုင်ငံအတွင်းသို့ ဂုဏ်သိက္ခာရှိစွာ   ပြန်လည်ဝင်ရောက် လာနိုင်ရန် ဗြိတိန်မှ အကူအညီပေးသွားမည်ဟု ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

"ရခိုင်မြောက်ပိုင်းခရီးစဉ်အတွင်းမှာ တွေ့ခဲ့တာတွေက တုန်လှုပ်စေခဲ့ပါတယ်။ ရာပေါင်းများစွာသော ရွာတွေဟာ မီးတင်ရှို့ခံရပြီး ပျက်စီးနေတာကို မြင်ခဲ့ရတယ်"  ဟု ဘော့ရစ်ဂျွန်ဆင်က   မောင်တောခရီးစဉ်အပြီးတွင် ပြောဆိုခဲ့သည်။

"ဒီအခက်အခဲကို ကူညီဖို့ အဓိက အလှူရှင်အနေနဲ့ UK အနေနဲ့ လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ရဲ့ ထောက်ပံ့ကူညီမှုဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်အဖြစ် ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ပေးသွားပါလိမ့်မယ်" ဟု ဘော့ရစ်ဂျွန်ဆင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သူ့၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘော့ရစ်ဂျွန်ဆင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်ပြီး လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ခရီးစဉ်အပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်ထဲတွင် ရခိုင်ပြည်နယ် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ကြောင်း ၊ လူ့အခွင့်အရေး ချိုးဖေါက်သူများကို အရေးယူရန် အရေးကြီးကြောင်း စသည့်အချက်များ တိုက်တွန်းပြောဆိုထားသည်။

ယင်းအပြင် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly