NCA ထိုးပြီးမှ UNFC အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များအနေဖြင့် အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့်တွေ့ခွင့်ရမည်ဟုဆို

NCA ထိုးပြီးမှ UNFC အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များအနေဖြင့် အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့်တွေ့ခွင့်ရမည်ဟုဆို
ဓာတ်ပုံ - ဖနိဒါ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ။               ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးပြီးမှသာ  ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးခွင့်ရမည်ဟု အစိုးရဘက်မှပြောဆို ထားကြောင်း UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က မဇ္ဈိမသို့ပြောသည်။

 “ (နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးအဖွဲ့) DPN နဲ့  (ငြိမ်းချမ်းရေးကော်မရှင်) PC ၈ ကြိမ်မြောက်ညှိနှိုင်းမှုတစ်ဆို့ပြီးတဲ့နောက်မှာ ထိပ်သီးခေါင်း ဆောင်တွေတွေ့ဆုံနိုင်ဖို့အတွက် ကြိုးပမ်းတဲ့အခါမှာ အဲ့ဒီ့အတိုင်းပဲအစိုးရ ဘက်ကရပ်တည်ပါတယ်။ အဲ့ဒီ့ရပ်တည်ချက်ကြောင့်ပဲ ကျွန်တော်တို့တွေ့ဆုံဖို့ အခက်ခဲဖြစ်သွားတာပေါ့နော်။ NCA လက်မှတ်ရေးထိုးဖို့အနေအထား ကတော့ အစိုးရ၊ တပ်မတော်ပေါ်မှာပဲအဓိကမူတည်တယ်လို့ ပဲပြောရမှာဖြစ်ပါတယ်“ ဟု၎င်းကဆိုသည်။

 ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ NCA ရေးထိုးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်(PC)ထံသို့ အဆိုပြုချက် (၈) ချက်တင်သွင်းပြီး (၁၇) လကျော်ကြာ   ဆွေးနွေးညှိနှိုင်းခဲ့သည်။

 UNFC မှ တင်ပြခဲ့သော အဆိုပြုချက် (၈) ချက်နှင့်ပတ်သက်၍ ယနေ့အချိန်ထိ နှစ်ဦးနှစ်ဖက် ကျေနပ်လောက်သော ရလာဒ်ကောင်းများမရှိ ခဲ့၍ နိဂုံးချုပ်နိုင်ရေး အတွက်   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးခွင့်ရရန်တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

 ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အနေဖြင့် တဖွဲ့ချင်း လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

 ထို့ကြောင့် ဆွေးနွေး၍ မကြေလည်သေးသည့် အချက်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ” ဆိုသည့် ဝေါဟာရနှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများအား နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဆက်လက်ဆွေးနွေးရမည့် အကြောင်းအရာတခုအဖြစ် မှတ်တမ်းတင်ပေးရန် လည်းတောင်းဆို ထားသည်။

 သို့သော် UNFC အဖွဲ့ဝင်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့်တွေ့ဆုံဆွေး နွေးခွင့်ရမည်ဟု အစိုးရဘက်မှပြောဆို ထားကြောင်း UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်ကပြောဆိုခဲ့ခြင်းဖြစ်သည်။

 အဆိုပါကိစ္စများအပြင် တန်းတူရေး အခြေခံဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်းမရှိခြင်း တို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ANC အနေဖြင့် ပါဝင်တက်ရောက်နိုင်ခြင်းမရှိပါကြောင်း ပြည်သူလူထုနှင့် မဟာမိတ်များအား အသိပေးအပ်သည် ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှလည်းထုတ်ပြန်ထားသည်။

 ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကို  မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags