ဧရာဝတီတည်ရှိနေသ၍ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ဧရာဝတီတည်ရှိနေသ၍ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

 

မန္တလေး ဖေဖေါ်ဝါရီ ၁၂ ။                 ။ တိုင်းရင်းသားအားလုံး ဧရာဝတီ၊ချင်းတွင်း၊သံလွင်နှင့်စစ်တောင်းမြစ် တည်ရှိနေသ၍ ပြည်ထောင်စု စိတ်ဓါတ်မွေးမြူ ကြရန်လိုအပ်သည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖေဖော်ဝါရီလ ၁၂ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် ပြောသည်။

 "ရည်ရွယ်ချက်က ဒီဟာ ဘာပဲပြောပြောပဋိပက္ခဆိုတာကတော့ ရှိနေသေးတာပေါ့နော်။ အမြင်မတူတာတွေရှိနေတယ်။ ဒါပေမယ့်နိုးကြားမှုရှိမယ်။ပြည်ထောင်စုစိတ်ဓါတ်လေးထားလို့ရှိရင် ဖက်ဒရယ်လည်းရမယ်။ငြိမ်းချမ်းရေးလည်းရမယ်ပေါ့။ဒါတွေဟာ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို ထိန်းသိမ်းရ လွယ်ကူတာပေါ့။ဘာပဲပြောပြော ၇၁ နှစ်ပြည့်သွားပြီ။ တစ်သက်လုံး ဧရာဝတီ၊ချင်းတွင်း၊သံလွင်၊စစ်တောင်းရှိနေသ၍ ဒီစိတ်ဓါတ်ထားရမယ်။တိုင်းရင်းသားအားလုံး ဒီစိတ်ဓါတ်ကိုမွေးမြူသင့်ပါတယ်"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

 ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စုစိတ်ဓါတ် ထက်မြက်ရှင်သန်နိုင်ရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို ထိန်းသိမ်းရန် ပြည်ထောင်စုသား အားလုံးသိရှိရန် ရည်ရွယ်ပြု လုပ်ကျင်းပခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

 "လွတ်လပ်ရေးရတယ်ဆိုတဲ့ အခြေခံအချက်ကဘာလဲဆိုရင် ပင်လုံညီလာခံကြောင့် လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးကပေးရတော့မယ်။မပေးလို့ကို မရဘူး။အင်္ဂလိပ်ကလည်း   အောင်ဆန်းအက်တလီစာချုပ်နဲ့ပေးမယ်လို့ ကတိပေးပြီးသား။ ဒါပေမယ့် သူတို့က တောင်တန်းဒေသကို ချန်ခဲ့ချင်တယ်။ပြည်မကို သီးသန့်ပေးချင်တယ်။

 တောင်တန်းဒေသကို ဘာလို့ချန်ချင်တာလဲ စဉ်းစားကြည့် သဘာဝ သယံဇာတပေါတယ်။ တောင်တန်းဒေသက ဘာပဲပြောပြော အဲဒီအချိန်က ရိုးသားပြီးတော့ ဘာခေါ်မလဲ အားနည်းချက် အားနည်းချက်ပဲပြောရမှာပေါ့။ထိန်းရသိမ်းရလွယ်တယ်ပေါ့။ပြည်မက နိုင်ငံရေးရှိတယ်ပေါ့။ ပြည်မပေးလိုက်။ ပြည်နယ်တွေချန်မယ်ပေါ့။ဒါကို ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုတော့မဖြစ်ဘူး။ တစ်ပြိုင်တည်းရမှ ဆိုပြီးတော့ ပင်လုံမှာသွားပြီး ညီလာခံလုပ်လိုက်တယ်။တိုင်းရင်းသားအားလုံးနဲ့ ဒါတောင်မှ မပြောတော့ပါဘူး။ဖျက်တဲ့ဟာတွေက နည်းနည်းရှိတယ်။

 ဆိုလိုချင်တာက ပင်လုံကိုအခြေခံပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှု ရတယ်။ အဲဒါပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်။ အဲဒါကို တစ်နိုင်ငံလုံးလုပ်ရမယ်ဆိုတဲ့ အေးအတူ ပူအမျှ ခံစားခဲ့ရတဲ့ ဒုက္ခ၊သုက္ခတွေအားလုံးကို လွတ်လပ်ရေးပန်းတိုင် ရစေချင်တဲ့ဆန္ဒနဲ့ ပြီးတော့ လုပ်တဲ့လုပ်တဲ့ နှစ်တိုင်းမှာ ရည်ရွယ်ချက်က တိုင်းရင်းသားအားလုံး ညီကိုမောင်နှမတွေ တစ်စိတ်တစ်ဝမ်းထဲ ထားရမယ်။လွတ်လပ်ရေးကိုလည်း တစ်ပြိုင်တည်းခံစားရမယ်။လွတ်လပ်ရေးမပျောက်ဖို့ အားလုံးမှာတာဝန်ရှိတယ်။ပြည်ထောင်စုစိတ်ဓါတ်ကို မွေးမြူ ပေးဖို့ဆိုပြီး ဒါတွေလုပ်တာ"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

 ပြည်ထောင်စုနေ့အခမ်းအနားနှင့်အတူ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီတာကျွေးပွဲပြုလုပ်ခဲ့သည်။ လာမည့်နှစ် ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း ဒီထက်မက စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်စီစဉ်သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly