ရခိုင်အမျိုးသားကောင်စီ NCA လက်မှတ်ရေးထိုးရေး မသေချာသေးဟု နိုင်ဟံသာက ပြော

ရခိုင်အမျိုးသားကောင်စီ NCA လက်မှတ်ရေးထိုးရေး မသေချာသေးဟု နိုင်ဟံသာက ပြော

 

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                   ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်၃ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၂ ဖွဲ့သာ လက်မှတ်ရေးထိုးရန်သေချာသေးကြောင်း UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC)တို့ သုံးဖွဲ့ သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အန်စီအေ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မီဒီယာများက ဖေါ်ပြခဲ့ကြခြင်းအပေါ် နိုင်ဟံသာက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 “မပါဘူး။ မပါဘူး။ လက်တွေ့ မဖြစ်သေးဘူး။ အေအန်စီ (ရခိုင်အမျိုးသားကောင်စီ )မပါဘူးနော်။ မူကတော့ အဲဒီအတိုင်းပါဘဲ။ သူတို့(အေအန်စီ)က လက်မှတ်ထိုးတဲ့ထဲမှာ မပါသေးဘူး။ အန်ကယ်တို့နှစ်ဖွဲ့ဘဲ အန်စီအေ လက်မှတ်ထိုးမယ်” ဟု နိုင်ဟံသာက ပြောသည်။

 NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးနှင့် ပတ်သက်၍ ANC ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

NMSP နှင့် LDU တို့ အန်စီအေ လက်မှတ်ရေးထိုးမည် ဖြစ်သော်လည်း တပ်ပေါင်းစု UNFC မှ နုတ်ထွက်မည် မဟုတ်ကြောင်း နိုင်ဟံသာက ပြောသည်။

“မထွက်ပါဘူး။ လက်မှတ်ထိုးလို့ ထွက်ရမယ်ဆိုတဲ့ သဘောထားလည်း ကျနော်တို့မှာမရှိဘူး။ ဖွဲ့စည်းပုံမှာလည်း မရှိဘူးနော်။ လက်မှတ်ထိုးလည်း ဒီအတိုင်းဘဲ ရှိသွားမှာပါ”ဟု သူက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်ကUNFC ၏ ဒုတိယအကြိမ် ပုံမှန် အစည်အးဝေးကို စတင်ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ အန်စီအေ လက်မှတ်ရေးထိုးမည် ဖြစ်၍ ၎င်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပသော အစည်းအဝေးတွင် NCAလက်မှတ်ထိုးမည့် အဖွဲ့များအပါအဝင် ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)နှင့် ဆက်စပ်မဟာမိတ်အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းအဖွဲ့ နှစ်ဖွဲ့ အန်စီအေ လက်မှတ်ရေးထိုးပြီးနောက် UNFC ၏ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးကို ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်က ကြေငြာချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags