ငြိမ်းချမ်းရေး၏ အဓိကလိုအပ်ချက်မှာ အပြန်အလှန်ယုံကြည်မှုရှိရန်ဖြစ်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ငြိမ်းချမ်းရေး၏ အဓိကလိုအပ်ချက်မှာ အပြန်အလှန်ယုံကြည်မှုရှိရန်ဖြစ်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ။                 ။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာအောင်မြင်မှုမရရှိသေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားအချင်းချင်းကြား အပြန်အလှန်ယုံကြည်မှုရှိဖို့ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကပြောကြားလိုက်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၁)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ပြောကြား ထားချက်များပါဝင်သည့်   နိုင်ငံတော်သမ္မရုံးမှ   ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

" ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာမှု မရှိရင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလှမ်းဝေး နေမှာဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ရဲ့အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ် " ဟု နိုင်ငံတော်သမ္မတကပြောကြား ကြောင်း ဦးဖြိုးမင်းသိန်းက ဖတ်ကြားသည်။

ထို့အပြင် ပြုလုပ်ရန်ရှိနေသည့် ၂၁ ရာစုပင်လုံညီလာခံတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံကာ စုပေါင်းဆွေးနွေးကြခြင်းဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးရရှိယုံသာမက ဖက်ဒရယ်ပြည်ထောင်စုအဖြစ်ပါတည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း နိုင်ငံတော်သမ္မတကပြောကြားသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူများအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး သံသယကင်းတဲ့အကြွင်းမဲ့ယုံကြည်မှုတို့ဖြင့် ငြိမ်းချမ်းရေးရရှိအောင်ဆက်လက် အဖြေရှာကြရန်လည်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်သည်။

သမ္မတပေးပို့သော သဝဏ်လွှာတွင် (၇၁)နှစ် မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် ၄ ရပ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန် ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ကိုအောင်မြင်အောင်ဆောင် ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှ သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊  အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို အားပေးမြင့်တင်ခြင်းဖြင့် ပြည်ထောင်စုတစ်ဝန်းစီးပွားရေးဖွံဖြိုးတိုးတတ်စေရေး တို့ကိုလည်းကြိုးပမ်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly