ထိုင်းနိုင်ငံ ပတ်ထနီနယ်၌ ဗုံး ၄လုံးပေါက်ကွဲ၍ ခရိုင်အရာရှိဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ပတ်ထနီနယ်၌ ဗုံး ၄လုံးပေါက်ကွဲ၍ ခရိုင်အရာရှိဒဏ်ရာရရှိ

 ဖေဖေါ်ဝါရီ ၁၁ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပတ်ထနီနယ်မှ ယာရင်ခရိုင်ထဲ၌ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ခရိုင်အရာရှိတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပထမဗုံးတစ်လုံးမှာ မနက် ၈း၂၅ နာရီခန့်တွင် ယာရင်ကျောင်းရှေ့မှ ဆိုင်းဘုတ်တစ်ခု၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသက် ၅၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင် တစ်ချိန်ထဲလိုလို၌ ယာရင်ကျောင်းရှေ့ရှိ လမ်းမကြီးပေါ်တွင် ဒုတိယဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ခရိုင်အရာရှိ အဒူလ်မန်ဆန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ထို့နောက်တစ်နာရီအကြာတွင် ယာရန်ခရိုင်အတွင်းမှ ခေါဝ်တမ်ဒေသဆိုင်ရာရုံးရှေ့၌ နောက်ထပ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ပထမပေါက်ကွဲမှုမှာ အဝေးပြေးလမ်း အမှတ် ၄၁၀ ပေါ်၌ရပ်ထားသော စက်ဘီးတစ်စီး၏ ခြင်းတောင်းထဲမှ ဗုံးတစ်လုံးကြောင့်ဖြစ်ပြီး ဒုတိယပေါက်ကွဲမှုမှာ ၎င်းနှင့်မီတာ ၁၀၀ အကွာ၌ ထောင်ထားသော ဗုံးတစ်လုံးကြောင့်ဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဖြစ်ပွားခဲ့သည့် ဗုံးနှစ်လုံးပေါက်ကွဲမှုအတွင်း သေဆုံးသူနှင့်ဒဏ်ရာရရှိသူများ ရှိမရှိကို သတင်းတင်ပြ ခြင်းမရှိသေးကြောင်း သိရသည်။

တနင်္ဂနွေနေ့မနက်အစောပိုင်း ၅း၃၀ နာရီခန့်ကလည်း ဆိုင်ဘူရီခရိုင်အတွင်းရှိ သာဆာဒတ်လမ်းမပေါ်၌ သံသယရှိရသော အရာဝတ္ထုတစ်ခုကိုတွေ့ရကြောင်း သတင်းရရှိသည့်အတွက် ရဲတပ်ဖွဲ့မှသွားရောက်စုံစမ်းစဉ် တွင် ပိုက်ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး အချိန်မီ စနက်တံဖြုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် တာလူဘန်မြူနီစပယ်အတွင်း၌လည်း နောက်ထပ်ဗုံးနှစ်လုံးတွေ့ရှိကြောင်း သတင်းရရှိသည့်အတွက် ရဲတပ်ဖွဲ့က အပူတပြင်းစုံစမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags