ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကိုစိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကိုလျော့ကျသွားစေပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင်မထင်ပါဘူး။ ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်းအားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးထိခိုက်နိုင်မှုကိုလျော့ချပေးနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရေခဲရေကြိုက်နှစ်သက်သူတွေအတွက် သတိထားဆင်ခြင်နိုင်စရာအကြောင်းအရာတွေကို လက်လှမ်းမီသမျှ စုစည်းမျှဝေပေးလိုက်ပါတယ်။

အဆီပိုတွေဖြစ်စေနိုင်ခြင်း

ကိုယ်အလေးချိန်ကျချင်ရင် ရေခဲရေသောက်ပေးပါ။ ရေခဲရေက ခန္ဓာကိုယ်ကို လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်ရစေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတယ်ဆိုတဲ့ ပြောကြားနေမှုဗတွက တကယ်တော့မမှန်ပါဘူး။ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ အပူချိန်လျော့ကျသွားတဲ့အခါ အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

ဝမ်းချုပ်စေနိုင်ခြင်း

အခန်းအပူချိန်မှာ ထားရှိထားတဲ့ ရေကိုသောက်သုံးပေးတာက အစာချေစနစ်ရဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုတယ်ဆိုပေမယ့် ရေခဲရေကို သောက်သုံးတာကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့  ချေဖျက်လိုက်တဲ့အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ် ပေါ်စေနိုင်ပါတယ်။

ရေဓာတ်ဖြည့်တင်းမှုမှာ အဟန့်အတားဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်လိုက်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ရေဓာတ်စုပ်ယူမှုကို ပုံမှန်ထက်နှေးကွေးသွားစေပါတယ်။ ခန္ဓာကိုယ်က ရေခဲရေကို အပူချိန်တိုးလာအောင်အရင်လုပ်ဆောင်ပြီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်အဖြစ် ပြောင်းလဲရတာဖြစ်တာကြောင့် ဖြစ်ပါတယ်။ အပြေးသမားတွေအနေနဲ့ ရေခဲရေ သောက်တာမျိုးကိုလုံးဝရှောင်ရှားသင့်ပါတယ်။ ရေခဲရေက ခန္ဓာကိုယ်ရေဓာတ်ကိုထိန်းသိမ်းရာမှာ ပုံမှန်ထက် ပိုမို နှေးကွေးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ချက်ချင်းမဖြည့်တင်းပေးနိုင်တဲ့ အခါ ဇီဝတွင်းလုပ်ငန်းစဉ်တွေနှေးကွေးသွားတာမျိုးခံစားရနိုင်ပါတယ်။

စွမ်းအင်ဆုတ်ယုတ်စေနိုင်ခြင်း

ရေခဲရေသောက်သုံးတာက  လန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့် ဒါက ခဏတာပဲဖြစ်ပါတယ်။ ရေရှည်မှာတော့ အားအင်ကုန်ခမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါ ခန္ဓာကိုယ်က ရေကို ပျမ်းမျှအနွေးဓာတ်ရရှိအောင်လုပ်ဆောင်ဖို့ ပုံမှန်ထက် စွမ်းအင်ကိုပိုသုံးလိုက်ရတာကြောင့် ခန္ဓကိုယ်ထဲမှာ အားအင်ဆုတ်ယုတ်သလို ခံစားလာရနိုင်ပါတယ်။

အစာချေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ရေခဲရေရဲ့ နောက်ထပ်ဆိုးကျိုးတစ်ရပ်က ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်တာပဲဖြစ်ပါတယ်။

နှလုံးခုန်နှုန်း နှေးစေနိုင်ခြင်း

ရေခဲရေသောက်တာက ရုတ်တရက် နှလုံးခုန်နှုန်းကျဆင်းတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေကိုသောက်ချလိုက်တဲ့အခါ လည်ပင်းနောက်ဘက်ပိုင်းမှာရှိတဲ့ vagus nerve ကိုထိခိုက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါနှလုံးခု်နှုန်းက နှေးသွားပြီး ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပုံမှန်အပူချိန်ကို ပြန်မရောက်မချင်း နှလုံးခုန်နှုန်းမူမမှန်တာက ဆက်လက်ဖြစ်ပေါ်နေပါတယ်။

လည်ချောင်းနာခြင်း

 အေးမြတဲ့ဆောင်းမနက်ခင်းက နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေကို ဖြစ်စေသလိုမျိုး ရေခဲရေကလည်း ခန္ဓာကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွဲတွေကို အေးမြတဲ့ လေတွေနဲ့ အရည်တွေကို ချေဖျက်ရာမှာ အနွေးဓာတ်ရရှိစေဖို့အတွက် သဘာဝအစိုဓာတ်ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ရေခဲရေသောာက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

ခေါင်းကိုက်စေနိုင်ခြင်း

ရေခဲမုန့်စားတဲ့အခါ အရမ်းအေးလွန်းတာကြောင့် ခေါင်းကိုက်တာကို ခံစားဖူးမယ်ထင်ပါတယ်။ ရေခဲရေကလည်း ရေခဲမုန့်လိုပဲ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။
ရေနွေးသောက်တာကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်းထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရ၇ှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

  •     အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ရေဓာတ်တိုးစေနိုင်ခြင်း
  •     သဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း
  •     အစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်း
  •     အူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်း
  •     သွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ရေနွေး (သို့) အခန်းအပူချိန်မှာထားရှိထားတဲ့ရေကိုသောက်သုံးပေးတာက အစာချေစနစ်ကို သိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်သလို အစားစားနေချိန်မှာ ရောအစာစားပြီးချိန်မှာပါ ခန္ဓာကိုယ်ကို နေထိုင်ရကောင်းမွန်နေစေမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly