အမြန်နှုန်း ရ၀ မိုင်အထိ ပြေးဆွဲနိုင်မည့် မီးရထားစက်ခေါင်းများကို နှစ်မကုန်ခင် ပြည်တွင်း၌ အပြီးတည်ဆောက်မည်

အမြန်နှုန်း ရ၀ မိုင်အထိ ပြေးဆွဲနိုင်မည့် မီးရထားစက်ခေါင်းများကို နှစ်မကုန်ခင် ပြည်တွင်း၌ အပြီးတည်ဆောက်မည်
ယခုလက်ရှိ ပြေးဆွဲနေသော မြန်မာ့မီးရထားတွဲအား တွေ့ရစဉ်။
 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။          ။ အမြန်နှုန်း ၇၀ မိုင်အထိ ပြေးဆွဲနိုင်မည့် ဒီဇယ်မီးရထားစက်ခေါင်း ၁၀ ခုကို ၂၀၁၈ ခုနှစ်အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး လူစီးတွဲများကို ဖေဖော်ဝါရီလကုန်တွင် စတင် တပ်ဆင်သွားမည်ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက မဇ္ဈိမကို ပြောသည်။

"ဒီစီမံကိန်း သူပါတဲ့စက်ခေါင်းတွဲကတော့ ၂၀၁၈ အကုန်လောက်ဆိုရင်ပြီးသွားမှာပေါ့နော်။ ပြီးသွားပြီးရင် ဆက်ဆောက်ဖို့အတွက်ကို စက်ရုံအတွက် လိုအပ်တဲ့ဘဏ္ဍာငွေရရင်တော့   ပြည်တွင်းငွေနဲ့ဖြစ်ဖြစ် နိုင်ငံခြားငွေနဲ့ ဖြစ်ဖြစ် ဒီစက်ရုံတွေကိုအသုံးချပြီး စက်ခေါင်းတွေတွဲတွေဆက်ထုတ်သွားရမှာပေါ့။ အဲဒါကို ဆက်ပြီးတော့ ကြိုးစားသွားဖို့ ရှိပါတယ်"ဟု ဦးအောင်ဝင်းက ဆိုသည်။

နေပြည်တော်မီးရထားစက်ခေါင်းစက်ရုံနှင့် မြစ်ငယ်လူစီးရထားတွဲစက်ရုံ စီမံကိန်းမှ မီးရထားစက်ခေါင်း ၁၀ ခုကို တည်ဆောက်ထုတ်လုပ်မည် ဖြစ်ပြီး  မီးရထားစက်ခေါင်းများမှာ မြင်းကောင်ရေ ၂၀၀၀ အား ဒီဇယ်စက်ခေါင်းကို အသုံးပြုထားပြီး အမြန်နှုန်းအနေဖြင့် ၁၀၀ ကီလိုမီတာ (၇၀ မိုင်)အထိ ပြေးဆွဲနိုင်သည်။

၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သော အဆိုပါ မြန်မာ့မီးရထားအဆင့်မြှင့်ရန်စီမံကိန်းတွင် ရထားစက်ခေါင်း များ၊ လူစီးတွဲ များနှင့် စက်ရုံများ ပြည်တွင်းတွင် တည်ဆောက်ရန် ဖြစ်ပြီး မီးရထားစက်ခေါင်း ၂၂ ခု ၊ လူစီး ရထားတွဲ ၆၀ ထုတ်လုပ်ရန် စီစဉ်ထားသည်။

လက်ရှိတွင် စီမံကိန်း၏ တစိတ်တစ်ပိုင်းအဖြစ် မီးရထားစက်ခေါင်း ၁၂ ခု နှင့် လူစီးရထားတွဲ ၃၉ တွဲမှာ တပ်ဆင်ပြီးသားအခြေအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပြည်လမ်းပိုင်းအား ပြေးဆွဲလျှက်ရှိသည်။

ကျန်ရှိနေသည့် မီးရထားခေါင်းတွဲ ၁၀ ခု အတွက် နေပြည်တော်မီးရထားစက်ခေါင်းစက်ရုံတွင် စက်ခေါင်း ၅ ခု စာ တပ်ဆင်နိုင်မည့် ပစ္စည်းများရောက်ရှိနေကာ စက်ခေါင်း ၅ ခုမှာ သင်္ဘောဖြင့် တင်ဆောင်လာနေပြီဖြစ်သည်။ လူစီးတွဲများအတွက် တပ်ဆင်ရန်ပစ္စည်းများ ပထမအသုတ် ရောက်ရှိနေပြီး ဒုတိယအသုတ်မှာ သင်္ဘောဖြင့် တင်ဆောင်လာပြီး ဖေဖော်ဝါရီလကုန်၌ စတင်တပ်ဆင်နိုင်မည်ဖြစ်ကာ တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင် နေခြင်း ဖြစ်သည်။

"ဒီ ပရောဂျက်ထဲမှာပါတာတော့ တွဲက ၆၀မှာ ၃၉ တွဲက ဆောက်ပြီးသားရတာပေါ့။ တရုတ်က ဆောက်ပြီးသား ရတော့ ၂၁ တွဲပဲ ဆောက်ဖို့ကျန်တော့တယ် ။ အဲဒါကအခုဒီပစ္စည်းတွေကုန်ရင် မတ်လကနေ စဆောက်ရတော့ မှာပေါ့"ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

စက်ခေါင်းများပြီးပါက တပ်ဆင်မည့် လူစီးရထားတွဲများကိုမူ Air Sparing (လေအိတ်)ပါ ရန်ကုန်-မန္တလေး လက်ရှိပြေးဆွဲနေသည့် ရိုးရိုးတန်းတွဲများကဲ့သို့ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ မီးရထားလမ်း၏ လက်ရှိအခြေအနေမှာ အမြန်နူန်း ၇၀ကီလိုမီတာ (၄၃ မိုင်)အထိ ပြေးနိုင်သည့် အခြေအနေရှိပြီး ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်း စီမံကိန်းပြီးစီးပါက ၁၀၀ ကီလိုမီတာ (၇၀ မိုင်)အထိ ပြေးနိုင်မည်ဖြစ်သည်။

အဆိုပါစက်ခေါင်းများတည်ဆောက်ရေးအတွက်  နေပြည်တော်ကောင်စီအတွင်းတွင် စက်ခေါင်းစက်ရုံတစ်ခု၊ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့တွင် လူစီးတွဲထုတ်လုပ်သည့် စက်ရုံတစ်ခုတို့ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ လတ်တလောတွင် တည်ဆောက်နေပြီး မြစ်ငယ်လူစီးရထားတွဲ ထုတ်လုပ်စက်ရုံသည် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။

အဆိုပါ စက်ရုံများ၊ စက်ခေါင်းများ၊ လူစီးတွဲများ အားလုံးတည်ဆောက်ရာတွင် အမေရိကန်ဒေါ်လာ ၁၀၁ သန်း(လက်ရှိ မြန်မာကျပ်ငွေ ၁၃၄,၂၂၉,၀၃၀,၈၃၈.၁၁)ကုန်ကျမည်ဖြစ်ပြီး မြန်မာအစိုးရမှ ၁၀ရာခိုင်နှုန်းထည့် ဝင်ကာ တရုတ်နိုင်ငံမှ ချေးငွေရယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly