ဒေသခံများ သဘောတူတူ၊မတူတူ ဂေါ်ရင်ဂျီဒေသကို စည်ပင်နယ်နမိတ်အတွင်းသို့ ထည့်သွင်းမည်

ဒေသခံများ သဘောတူတူ၊မတူတူ ဂေါ်ရင်ဂျီဒေသကို စည်ပင်နယ်နမိတ်အတွင်းသို့ ထည့်သွင်းမည်
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ပုသိမ်၊ ဖေဖော်ဝါရီ ၁၀ ။                   ။  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ နမ့်သာဖုနှင့်ကြွေချိုင်ကျေးရွာများ ရှိ ဂေါ်ရင်ဂျီဒေသကို စတစ်တကျကြီးကြပ်နိုင်ရန် စည်ပင်သာယာနယ် နိမိတ်အတွင်း ဒေသခံတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထည့်သွင်းရမည်အနေအထားမျိုး ဖြစ်နေကြောင်း စည်ပင်သာယာဝန်ကြီးကပြောသည်။

 "အဲဒီဒေသဖွံဖြိုးတိုးတက်ဖို့အတွက် ဂေါ်ရင်ဂျီကမ်းခြေအထိ လမ်းဖောက်ဖို့အစီအစဉ်လည်းရှိတယ်။ လိုအပ်ရင် ငရုတ်ကောင်းမြို့က ဂေါ်ရင်ဂျီကမ်းခြေဘက်ကို ကူးတဲ့ တံတားတစ်စင်း ဆောက်ပေးဖို့ ရည်ရွယ်ချက်တွေ ရှိနေတယ်။ စနစ်တကျနဲ့ ခရီးသွားလာရေးလုပ်ငန်းတိုးတက်လာဖို့အတွက် မြှင့်တင်မယ်ဆိုရင် ဂေါ်ရင်ဂျီ ဒေသက စည်ပင်သာယာနယ်နိမိတ်ထဲမှာ ပါဝင်တဲ့ဒေသဖြစ်ဖို့လည်း လိုအပ်တယ်၊ ဒေသခံတွေ သဘောတူ သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တိုင်းဒေသကြီးအစိုးရက စည်ပင်သာယာနယ်နိမိတ်ထဲကို အတင်းအကြပ် သွတ်သွင်းရမယ့် အနေအထားမျိုး တွေ့နေရတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

 အဆိုပါ ဂေါ်ရင်ဂျီကမ်းခြေအား ငရုတ်ကောင်းမြို့ စည်ပင်သာယာနယ်နိမိတ်ထဲသို့ ထည့်သွင်းရမည် ဖြစ်ပြီး ဒေသခံများက စည်ပင်သာယာနယ်နမိတ်အတွင်းသို့ မဝင်ချင်ကြခြင်း ဖြစ်သည်။

 လက်ရှိတွင် အဆိုပါဒေသသည် စည်ပင်သာယာနယ်နမိတ်တွင် မပါဝင်ဘဲ ကမ်းခြေတွင် ခွင့်ပြုချက်မရှိဘဲ ဟိုတယ်များ၊ တည်းခိုခန်းများ ဆောက်လုပ်နေကြခြင်းဖြစ်သည်ဟု တိုင်းအစိုးရဖက်မှ ဆိုသည်။

 "သူတို့က အကြောင်းပြတာက စည်ပင်သာယာနယ်နိမိတ်ထဲပါသွားရင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးက လုပ်ပေးမယ် လမ်းတို့ တံတားတို့မရမှာစိုးရိမ်လို့ပါ ပြောတယ်။ ဒါပေမယ့် သူတို့က ကမ်းခြေမှာ ခွင့်ပြုချက်မရှိဘဲ ဟိုတယ်တွေ တည်းခိုခန်းတွေဆောက်နေတယ် ။ စည်ပင်ကလည်း စည်ပင်သာယာနယ်နိမိတ်မဟုတ်လို့ ကြီးကြပ်လို့လည်းမရဘူး ။ တရားစွဲလို့လည်းမရဘူး။ အုပ်ချုပ်ရေးက ဆောက်လုပ်ခွင့်ပြုဖို့ သူမှာ အခွင့်အာဏာ မရှိဘူး ။ စည်ပင်ကပဲ ဆောက်လုပ်ခွင့်ပြုတဲ့ အခွင့်အာဏာ ရှိတယ်၊ကြီးကြပ်ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာတွေ နဲ့ ကင်းလွတ်တဲ့ ဒေသ   ဖြစ်နေတယ်၊စနစ်တကျစီမံကြီးကြပ်နိုင်အောင် စည်ပင်သာယာ နယ်နိမိတ်ထဲ သွင်းဖို့ ကြိုးစားနေတာ ဒေသခံတွေက ငြင်းဆိုနေကြတယ်” ဟု ဝန်ကြီးက ပြောသည်။

 ကြွေချိုင့်နှင့်နမ့်သာဖုကျေးရွာက ဒေသခံများက ငရုတ်ကောင်းမြို့ ဖွံဖြိုးတက်မှုကြည့်ပြီး စည်ပင်သာယာ နယ်နိမိတ်သို့ မဝင်လိုခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။ ထို့ပြင် စည်ပင်သာယာဥပဒေများသည် အကြပ်အတည်း ဖြစ်စေနိုင်မည်ဟု ဒေသခံအချို့က ထင်မြင်ယူဆကြသည်။

 "စည်ပင်သာယာနယ်နိမိတ်အောက်မှာရှိတဲ့ ငရုတ်ကောင်းမြို့ဆို စည်ပင်သာယာလုပ်ဆောင်ချက် အကျိုး ခံစားခွင့်မရတာကို မြင်တော့ အဲဒါကြောင့် ဖြစ်တယ်။ စည်ပင်သာယာက ချမှတ်တဲ့ဥပဒေကြောင့် အကြပ် အတည်း ဖြစ်မယ်ဆိုပြီး  ဒေသခံတွေ မဝင်ချင်တာ”ဟု ကြွေချိုင့်ဒေသခံ ဦးကြည်လွင်က မဇ္ဈိမသို့ ပြောသည်။

 ငရုတ်ကောင်းမြို့၊ဂေါ်ရင်ဂျီကမ်းခြေဒေသတွင် ပြည်သူအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်နိုင်အောင် ဒေသခံများ ကြိုးစားဆောင်ရွက်နေပြီး၊လုပ်ငန်းရှင်များက ဟိုတယ်များ တည်ဆောက် လုပ်ဆောင်နေသည့် ကမ်းခြေဒေသတစ်ခုဖြစ်သည်။

 စည်ပင်သာယာနယ်နမိတ်နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်စည်ပင်သာယာ ၂၆ မြို့နယ် နှင့် မြို့စည်ပင်သာယာ ၇ မြို့ရှိပြီး ဧရာဝတီတိုင်း၏ ကမ်းခြေများတွင် အပါအဝင် ဖြစ်သော ချောင်းသာ ကမ်းခြေ နှင့် ငွေဆောင်ကမ်းခြေများသည် စည်ပင်သာယာနယ်နိမိတ် အတွင်း တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly