မြင်းမူမြို့ ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်မည်

မြင်းမူမြို့ ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်မည်

မုံရွာ၊ ဖေဖော်ဝါရီ ၁၀။            ။ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုလာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြင်းမူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် ကြေးရုပ်စိုက်ထူသွားမည် ဖြစ်ပြီး အများပြည်သူများ အလွယ်တကူ ဂါရဝပြုနိုင်ရန်အတွက်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်မှာ အမြင့်ပေ (၁၂) ပေ နှင့် (၆) လက်မ ရှိပြီး အလေးချိန်အားဖြင့် (၁)တန်ကျော်ကြောင်း၊ သိရသည်။

"မြို့လယ်မှာရှိတဲ့ ပန်းခြံကြီးဟာ နှစ်ကာလကြာအောင် အသုံးမပြုပဲရှိနေခဲ့တယ်။ ပုဂ္ဂလိကပိုင်တွေ/ အများပြည်သူပိုင်တွေဆိုပြီး နောင်မှာ ပြသနာဖြစ်လာနိုင်တယ်။ ဒါ့ကြောင့်မို့ အခုကတည်းက အများပြည်သူတွေ လေ့လာဂါရဝပြုနိုင်အောင်လို့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့ခြင်းဖြစ်တယ်။ ဒီအနီးအနားက ဈေးသည်တွေကိုလည်း စနစ်တကျနေရာချထားပေးလိုက်တဲ့အတွက် ဒေသခံ (၂၀၀)လောက်ကိုလည်း အလုပ်အကိုင်ဖန်တီးပေးပြီးသား ဖြစ်သွားတယ်။" ဟု မြင်းမူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတေဇနိုင်က ပြောသည်။

မြင်းမူမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်၏ လှူဒါန်းငွေ ကျပ်သိန်း (၄၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်အတွက် ကုန်ကျငွေ ကျပ်သိန်း (၂၉၀) နှင့် ကျန်ငွေမှာ လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူခြင်းတို့အတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ သိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ တက်ရောက်မည်ဖြစ်ကြောင်း မြင်းမူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းရရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly