တရုတ်တွင် ဖမ်းဆီးခံထားသည်ဟု ယူဆရသူများ အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်နေ

တရုတ်တွင် ဖမ်းဆီးခံထားသည်ဟု ယူဆရသူများ အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်နေ
တရုတ်နှင့် မြန်မာနယ်စပ်ဂိတ် (Photo: India Express)
 

 

ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁၀ ရက်။                  ။ တရုတ်နိုင်ငံတွင် အလုပ်လုပ်နေရင်း ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ၁၃ ဦးကို အဆက်သွယ်မရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အဲဒီမှာ ရောက်နေတဲ့သူတွေကတော့ ပျောက်သွားတယ်လို့ ပြောတယ်။ အဖမ်းခံရလားမသိဘူး။ သူတို့က အတိကျ မမြင်လိုက်ဘူး။ ကျွန်မရဲ့ မောင် နှစ်ယောက်ပါသွားတယ်။ သူတို့ဘယ်နေရာမှာလည်း ဆိုတာ သိချင်တယ်။ အတတ်နိုင်ဆုံးတော့ လွတ်စေချင်တာပေါ့။”ဟု ဖမ်းဆီးခံထားရသည့် ကိုဇော်ဇော်မြင့်နှင့် ဦးမောင်မြင့်တင်တို့၏ အစ်မဖြစ်သူ ကျောက်ဖြူမြို့နယ် ဂြင်းကြီးကျေးရွာမှ  ဒေါ်ရွှေရီသန်းက   ပြောသည်။

တရုတ်နိုင်ငံတွင် အလုပ်အကိုင်အဆင်ပြေကြောင်း မိတ်ဆွေများ၏ သတင်းပေးပို့ချက်အရ ကျောက်ဖြူမြို့နယ် ဂြင်းကြီးကျေးရွာနှင့် အနီးတဝိုက်မှ ကျေးရွာသား ၁၅ ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တရုတ် နိုင်ငံသို့ ထွက်သွားကြသည်ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်များက ပြောသည်။

ထိုသို့ သွားရောက်သည်မှာ တရားဝင်ဗီဇာဖြင့် သွားခြင်းမဟုတ်ဘဲ တရားမဝင်နယ်စပ်ဖြတ်ကျော် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ အရောက်တွင် ဖုန်းနှင့် ဆက်စပ်သည့် စက်ရုံတစ်ခုတွင် အလုပ်ရကြပြီး မကြာမီအချိန်အတွင်း အောက်တိုဘာလ ၃၀ ရက်နေ့က ထို ၁၅ ဦးထဲမှ ဖမ်းဆီးမခံခဲ့ရသူ ၂ ဦးက ဖုန်းဖြင့် မိသားစုဝင်များ သတင်းပေးပို့ခဲ့ကြသည်။

“အောက်လမ်းကသွားခဲ့ကြတာပါ။ အလုပ်က ၁၊ ၂ ရက်လုပ်တာနဲ့ ရဲဖမ်းယူသွားတယ်လို့ သတင်းကြားတယ်။ သူတို့နဲ့ အတူတူသွားကြတဲ့ အထဲက ကျန်နှစ်ယောက်ကပြောတာ။ သူတို့ဘယ်မှာ ကျနေတယ်ဆိုတာ သိချင်တယ်။ ရွာကိုလည်း အမြန်ရောက်စေချင်တယ်”ဟု ဖမ်းဆီးခံရသည့် ရဲကျော်နိုင်၏ အစ်မဖြစ်သူ မနွယ်နွယ်စန်းက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ကျောက်ဖြူမြို့နယ် ဂြင်းကြီးကျေးရွာမှ ဦးမောင်မြင့်တင် (၃၂) နှစ်၊ မောင်ဇော်ဇော်မြင့် (၂၄)နှစ်၊ ဦးခင်ဝင်းအောင်(၄၄)နှစ်၊ မောင်ဆန်းထက်လွင်(၂၁)နှစ်၊   မောင်ရဲကျော်နိုင်(၂၄)နှစ်၊ မောင်ဝင်းမိုးကျော်(၂၁) နှစ်၊ မမိုးမိုးဝင်း(၂၂)နှစ်၊ မောင်ဦးရွှေလှ(၂၇)နှစ်၊ ဦကျော်သန်းရွှေ(၃၈)နှစ်၊   မောင်သန်းလင်းဇော်(၂၅)နှစ်၊ မောင်ညီညီ (၂၄)နှစ်နှင့် မြို့ချောင်းရွာမှ ဇော်မျိုးအောင်၊ မဒေးကျွန်းကျေးရွာ မောင်ဆန်းဝင်းတို့ ဖြစ်သည်။

ရဲက ဖမ်းဆီးသွားသည်ဟု တရုတ်တွင် ရောက်နေသူ မိတ်ဆွေများက ပြောသော်လည်း ၎င်းတို့မှာ အတိအလင်းသိ၍ ပြောခြင်း မဟုတ်ကြောင်းနှင့် မည်သူတို့က ဖမ်းဆီးခဲ့သည်ဟုလည်း မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ယခုဆိုလျှင် ၄ လနီးပါး ကြာမြင့်နေပြီဖြစ်ကာ တရုတ်နိုင်ငံသို့သွားရန် ပိုင်ဆိုင်ထားသည့် ပစ္စည်းအချို့ကို ရောင်းချကာ ထွက်သွားကြခြင်း ဖြစ်ပြီး လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ၆ သိန်းကျပ်နှုန်း ကုန်ကျခဲ့သည်ဟု မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly