ကျောင်းသားနည်းပါးသော မြို့လယ် အမကကျောင်းအချို့ နီးစပ်ရာကျောင်းများနှင့်ပူးပေါင်းရန် တိုင်းအစိုးရစီစဉ်နေ

ကျောင်းသားနည်းပါးသော မြို့လယ် အမကကျောင်းအချို့ နီးစပ်ရာကျောင်းများနှင့်ပူးပေါင်းရန် တိုင်းအစိုးရစီစဉ်နေ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။                ။ ရန်ကုန်မြို့မြို့လယ်ဧရိယာထဲရှိ အမကကျောင်းတချို့တွင် ကျောင်းသားဦးရေနှင့် ဆရာဦးရေနည်းပါးနေသည့်အတွက် နီးစပ်ရာကျောင်းများနှင့် ပူးပေါင်းသွားရန်စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ 

ဖေဖော်ဝါရီ ၉ ရက်နေ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(စတုတ္တနေ့)အစီစဉ်၌ ပြောခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အဦနှင့်ပတ်သတ်၍ ရှုပ်ထွေးမှုမရှိသည့် ကျောင်းသား၂၀ အောက်ရှိသောကျောင်းများအား နီးစပ်ရာကျောင်းများနှင့်ပူးပေါင်းနိုင်ရန် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ တင်ပြပြီး ညှိနိူင်းဆောင်ရွက်လျက်ရှိပါတယ် ။ ဒီ့အပြင် ပြည်ထောင်စုဝန်ကြီးနဲ့လည်း ဒီကိစ္စကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ညှိနှိုင်းထားပြီးဖြစ်ပါတယ်။   ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရန်ကုန်မြို့လယ်ရှိကျောင်းများတွင် ကျောင်းသားနှင့်ဆရာဦးရေနည်းပါးနေပြီး နီးစပ်ရာကျောင်းနှင့်ပူးပေါင်းပေးရန် အစီစဉ်ရှိမရှိကို လွှတ်တော်၌ မေးမြန်းခဲ့မှုကို ယင်းကဲ့သို့ပူးပေါင်းရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လသာမြို့နယ်တွင် အ.မ.က(အခြေခံပညာမူလတန်း)ကျောင်း သုံးကျောင်းရှိနေပြီး အ.မ.က(၁) ကျောင်းမှာ ဆရာဦးရေနှင့် ကျောင်းသားဦးရေမျှတသော်လည်း အ.မ.က(၂)နှင့်အ.မ.က(၃) ကျောင်းများတွင် ကျောင်းသားဦးရေနှင့် ဆရာဦးရေအချိုးအစား နည်းပါးလျက်ရှိနေသည်။

လက်ရှိတွင် လသာမြို့နယ်အ.မ.က(၃)ကျောင်း၌ KG တန်းတွင် ကျောင်းသား ၈ ဦး၊ ပထမတန်းတွင် ၁၀ဦး၊ ဒုတိယတန်းတွင် ၁ဦး၊ တတိယတန်းတွင် ၄ဦး၊ စတုတ္ထတန်းတွင် ၆ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၂၉ ဦးသည်၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွင်း တက်ရောက်လျက်ရှိကာ ကျောင်းအုပ်ဆရာ ၁ ဦး၊ ဆရာမ ၃ ဦးက တာဝန်ကျသင်ကြားပေးနေသည်။

ရန်ကုန်မြို့လည်ကျောင်းအချို့သည် ကျောင်းသားဦးရေနည်းပါးနေပြီး ၎င်းကျောင်းများအနက် ယခင်က ပြည်သူပိုင်သိမ်းဆည်းခံခဲ့ရသော ကျောင်းများပါဝင်နေသကဲ့သို့ အချို့သောကျောင်းများမှာ စာသင်ကျောင်းမဖွင့်သဖြင့် ပိုင်ဆိုင်မှုပြန်လည်တောင်းခံထားရသည့် ကျောင်းများဖြစ်နေသည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၆-၂၀၁၇ခုနှစ်ဘဏ္ဍာရေးနှစ်၌ အခြေခံပညာမူလတန်းကျောင်းအရေအတွက် ၃၈၁၉၇ ကျောင်းရှိနေသည်ဟု ပညာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ သတင်းအချက်အလက်ယူနစ်မှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly