ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းမှ စစ်ချက်ယူမည်

ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းမှ စစ်ချက်ယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ဝ ။         ။ မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်းပုဒ်မဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသော ဗေဒင်ဆရာ အောင်ချစ်ပိုအား ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်၊ နေ့လည် ၁ နာရီတွင် ရဲစခန်းမှ စစ်ချက်ယူမည်ဖြစ်ကြောင်း သိရသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ ဗေဒင်လာမေးသည့် မိန်းကလေးများကို မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု လူမှုကွန် ရက်စာမျက်နှာတွင် အမျိုးသမီး ဖေ့ဘုတ်စ်အကောင့်တစ်ချို့က ရေးသားရာမှ ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။

“ အခုလေးပဲ ဗေဒင်ဆရာအောင်ချစ်ပိုက ကျွန်တော်ကို လှမ်းပြောတယ်။ သူ့ကို ရဲစခန်းက ခေါ်ထားတယ်တဲ့။ စစ်ချက်ယူမယ်လို့ပြောတယ်။ အဲ့ဒါ ကျွန်တော်က သွားလိုက်ပေါ့ဗျာလို့။ ကိုယ့်စစ်ချက်လေး ပေးလိုက်ပေါ့လို့။ ဒါရဲလုပ်ထုံးလုပ်နည်းပါပဲလို့ အဲ့လိုပဲ ပြောလိုက်ပါတယ်”ဟု ဗေဒင်ဆရာ အောင်ချစ်ပို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးစိုးဝင်းအောင်က မဇ္ဈိမသို့ ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုအား သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်(ခ) မမြတ်နိုးဦးက စမ်းချောင်း မြို့မရဲစခန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ ဟုတ်ပါတယ် ခေါ်ထားပါတယ်။ ဒီနေ့ ၁၂ ခွဲ၊ ၁ နာရီလောက်ပါ။ အကြောင်းအရာကတော့ စခန်းရောက်မှ သိမှာပါ။ ပြောချင်တာတော့ မရှိတော့ပါဘူး။ စခန်းမှာပဲ ထွက်ဆိုပြီးတော့ သူတို့က စစ်ချက်ယူမှာပေါ့”ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောသည်။

ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်ကလည်း စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ န္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ ဖြင့် ပြီးခဲ့သည့်  ဇန်နဝါရီလ ၂၉ ရက်တွင် အမှုဖွင့် တိုင်ကြားထားသေးသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုက ဇန်နဝါရီလ ၂၇ ရက်တွင် Phyo Wai Win အကောင့်ပိုင်ရှင်နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေခိုင်မြင့်မြတ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကမူ စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး ၎င်း၏ အောင်မြင်မှုများကို မနာလိုသူများက တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၅ဝ၆ မှာ ရာဇဝတ်မကင်းသော ခြောက်လန့်မှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ မှာ မိန်းမ၏ ကာယိန္ဒြေကို ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း အတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly