နယ်သာလန်သို့ ပို့မည် လူ့ဦးခေါင်းများအား အင်ဒိုနီးရှား အကောက်ခွန် ဖမ်းဆီးရမိ

နယ်သာလန်သို့ ပို့မည် လူ့ဦးခေါင်းများအား အင်ဒိုနီးရှား အကောက်ခွန် ဖမ်းဆီးရမိ

ဂျကာတာ၊ ဖေဖော်ဝါရီ ၉ ။            ။ နယ်သာလန်နိုင်ငံသို့ လေယာဉ်ချောပို့ဖြင့် ပို့ဆောင်မည့် လူဦးခေါင်းခွံ ၂၄ ခုကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အကောက်ခွန်အာဏာပိုင်များ ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

ဘာလီကျွန်း Ngurag Rai နိုင်ငံတကာလေဆိပ်မှ အကောက်ခွန်အကြီးအကဲ ဟီမာဝန်က မီဒီယာသို့ ထုတ်ပြန်ရာတွင် ဒန်ပါဆာမြို့နေ အင်ဒိုနီးရှားတစ်ဦးကို အဆိုပါ လူဦးခေါင်းခွံများ သိမ်းဆည်းရမိမှုဖြင့် သံသယရှိကာ ဖမ်းဆီးထားကြောင်း ဖော်ပြသည်။

ယခုအထိ စွဲချက်မတင်ထားသေးသော ယင်းသံသယရှိသူသည် မျိုးနွယ်စုရိုးရာ အပြောက်အမွမ်းများ ထွင်းထုခြယ်သထားသော အဆိုပါ လူဦးခေါင်းခွံများကို သေတ္တာများဖြင့် ထည့်ကာ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၈ ရက်တို့တွင် နှစ်သုတ်ခွဲကာ ပို့ဆောင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

X-ray စက်ဖြင့် စက္ကရင်ဖတ်ရာတွင် အဆိုပါ သေတ္တာများထဲမှ လူဦးခေါင်းခွံများကို အကောက်ခွန်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် အဆိုပါ လူဦးခေါင်းခွံများ၏ ရင်းမြစ်နှင့် သက်တမ်းတို့ကို တွက်ချက်ရန် ကြိုးစားလျက် ရှိနေသည်။ ဦးခေါင်းခွံများသည် သေချာအနုစိတ် အပြောက်အမွှမ်းများ ဖော်ထားခြင်းဖြစ်ပြီး တစ်ချို့ခေါင်းခွံများတွင် ဦးချိုများကို တပ်ဆင်ပေးထားသကဲ့သို့ ဆေးခြယ်ကာ အလှဆင်ထားသည်ကိုလည်း မြင်တွေ့ရသည်။

အဆိုပါ ဦးခေါင်းခွံများအား ဘာလီရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးသိပ္ပံသို့ သုတေသီများအတွက် ပေးပို့ထားရှိထားသည်။

နိုဝင်ဘာအတွင်းကလည်း ဂျာမန်တစ်ဦးအပါအဝင် လူနှစ်ဦးအား ဆူလာဝေစီကျွန်းသို့ လေကြောင်းဖြင့် လူဦးခေါင်းခွံ သုံးခု ပို့ရန် ကြိုးစားစဉ် ဖမ်းဆီးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly