တရားခံပြေး အောင်ဝင်းခိုင်ကို မည်သူမဆိုဖမ်းဆီး၍ ရဲလက်အပ်နိုင်သည်ဟု တရားရုံး ကြေညာ

တရားခံပြေး အောင်ဝင်းခိုင်ကို မည်သူမဆိုဖမ်းဆီး၍ ရဲလက်အပ်နိုင်သည်ဟု တရားရုံး ကြေညာ
ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။              ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီးကြံရာပါဟု ယူဆရသူ အောင်ဝင်းခိုင်ကို မည်သူမဆိုဖမ်းဆီးရဲ လက်အပ်နိုင်သည့် ဝရမ်းပြေးအဖြစ် ‌ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှ အမိန့်ချလိုက်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၈၇ အရရဲတပ်ဖွဲ့မှသာဖမ်းဆီးခွင့်ရှိသော တရားခံပြေးအဖြစ်မှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ- ၈၈ အရ မည်သူမဆို ဖမ်းဆီးပေးနိုင်သည့် ဝရမ်းပြေးအဖြစ် ယနေ့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ကျင့်ထုံးပုဒ်မ ၈၇ အရ ရဲတပ်ဖွဲ့ဖမ်းဆီးလို့မရနိုင်တဲ့အတွက် တရားခံပြေးအနေနဲ့ ၈၈ နဲ့ ကြေညာပါတယ်။  ၈၈ လို တရားခံပြေးလို့ ကြေညာလိုက်တဲ့အတွက် အောင်ဝင်းခိုင်ကို အများပြည်သူ၊ မည်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီးတော့ သက်ဆိုင်ရာတရားရုံးကို သို့မဟုတ် ၊ သက်ဆိုင်ရာ တရားဥပဒေကို ဆောင်ရွက်နိုင်တဲ့ ရဲတပ်ဖွဲ့ကို သို့မဟုတ် ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ဘယ်သူမဆို ဖမ်းဆီးပို့ဆောင်နိုင်တဲ့ အခွင့်အရေး ရသွားပါပြီ ”  ဟု တရားလို ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သော အောင်ဝင်းခိုင်နှင့် ပတ်သက်သည့်ကိစ္စများကိုဆောင်ရွက်ရန်အတွက် တရားသူကြီး၏ဆုံးဖြတ်ချက်အရ အချိန် ၁ လ ပေးထားသည်ဟု ၎င်းကဆက် ပြောသည်။

အောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး အမှုမှ လွတ်မြောက်နေသည့် အောင်ဝင်းခိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၈၈ အရ တရားခံပြေးအဖြစ် အမိန့်ချလိုက်ခြင်းလည်း ဖြစ်သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် သေနတ်သမားကြည်လင်းအား အဓိက ငွေပေးစေခိုင်းသူများမှာ ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့ဖြစ်ပြီး အောင်ဝင်းခိုင်က ဦးကိုနီကို သတ်ရန် ကြိုတင်ငွေအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်အား ကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ထပ်မံငွေလိုအပ်သဖြင့်  အောင်ဝင်းခိုင်က   ဇေယျာဖြိုးကို ပြောခဲ့ကြောင်း၊ ထို့ကြောင့် ဇေယျာဖြိုးက သြဂုတ်လ ဒုတိယပတ်ခန့်တွင် အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,ဝဝဝ ပေးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၉ ရက် ၄၃ ကြိမ်မြောက်ရုံးချိန်းတွင်  ကြည်လင်းအပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦး ကို တင်ကူး ကြံရွယ်ချက်ဖြင့် လူသတ်မှု ပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ ဖြင့် စွဲချက်တင်ကြောင်း ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

 ပြီးခဲ့သည့်နှစ်၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည်လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly