မန်ချက်စတာယူနိုက်တက် ဂျာစီအကျင်္ီရောင်းအား စံချိန်ကို အလက်ဆစ် ဆန်းချက်ဇ် ချိုးဖျက်

မန်ချက်စတာယူနိုက်တက် ဂျာစီအကျင်္ီရောင်းအား စံချိန်ကို အလက်ဆစ် ဆန်းချက်ဇ် ချိုးဖျက်
(ဓာတ်ပုံ - အီးပီအေ)

ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ် ရောက်ရှိလာခဲ့ပြီးနောက် ကစားသမားရဲ့ ဂျာစီအင်္ကျီသစ်မှာ ရောင်းအား စံချိန်တင်ခဲ့ကြောင်း မန်ယူအသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ဘာစီလိုနာနှင့် အာဆင်နယ်ကစားသမားဟောင်းဟာ အင်္ကျီရောင်းအား စံချိန်တင်နိုင်ခဲ့ယုံသာမက သရဲနီတွေရဲ့ လူမှုကွန်ရက်မီဒီယာပေါ် လွှမ်းမိုးမှု စံချိန်ကိုလည်း ချိုးဖျက်ခဲ့တယ်လို့ မန်ယူအမှုဆောင် ဒုဥက္ကဌ အဒ် ဝုဒ်ဝါဒ်က ကလပ်အသင်းရဲ့ ၂၀၁၇-၂၀၁၈ ရဲ့ ဒုတိယသုံးလပတ်အတွက် ရလဒ်များကို တင်ပြစဉ်အတွင်းမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

“ဆန်းချက်ဇ်ဟာ ယခင်က ၃ကြိမ် စံချိန်တင်ထားတဲ့ အင်္ကျီရောင်းအားကို ကျော်ပြီး စံချိန်သစ်တင်ထားပါတယ်။”လို့ အဒ် ဝုဒ်ဝါဒ်က ပြောပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ၄ နှစ်ခွဲ စာချုပ်ဖြင့် မစ်ခီတာရီယန်နဲ့ အလဲအထပ်ပြုလုပ်ကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆန်းချက်ဇ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ စံချိတ်သစ်တင်နိုင်ခဲ့ပါတယ်။

“ယူနိုက်တက်ရဲ့ အကြီးများဆုံး post ဖြစ်တဲ့ Instagram ပေါ်မှာ likes နှင့် comments အရေအတွက် ၂ သန်း၊ ယူနိုက်တက် Facebook post မှာ share ပြုလုပ်မှု အများဆုံး၊ Twitter ပေါ်မှာ ပြန် retweet အများဆုံးဖြစ်တဲ့အပြင် Twitter ပေါ်မှာ hashtag #Alexis7 ဖြင့် နံပါတ်တစ် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။”လို့ မန်ယူအမှုဆောင် ဒုဥက္ကဌ က ဆက်ပြောပါတယ်။

ဆန်းချက်ဇ်ကို ခေါ်ယူကြောင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ကြေညာချက်များဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား နေမာရဲ့ ကြေညာချက်ထက်  ၇၅ ရာခိုင်နှုန်း လွှမ်းမိုးမှု ရှိခဲ့တယ်လို့ အဒ် ဝုဒ်ဝါဒ်က ပြောပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly