အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။         ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း ဘိုးတော် တောင်ခြေရှိ ဝါးရုံပင်များအောက်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဖူးရောင်ညိုမည်း ဒဏ်ရာ များ၊ ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆို အမျိုးသမီးရုပ်အလောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် ဦးခေါင်းဝဲ ဘက်ထိပ် ပေါက်ပြဲဒဏ်ရာ၊ ဝဲနားရွက်၊ နောက်ကျော ပွန်းခြစ်ဒဏ်ရာ၊ ယာမျက်ကွင်းညိုမည်း ဒဏ်ရာ၊ ယာ လည်ပင်း၊ နောက်ကျောနှင့် လက်ဖျံတို့တွင် ထိုးသွင်းဒဏ်ရာ ၃ ချက် တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးရုပ်အလောင်းအနီးမှလည်း မိန်းမစီး ကတ္တီပါ ဖိနပ် ၁ ရံ၊ အိမ်သုံးစတီး ဓားချွန် ၁ ချောင်း၊ ဓားကော်ရိုး ၁ ခု တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးမှာ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာ၊ အသက် ၂၅ နှစ်အရွယ် မခင်ကြူကြူ သင်း ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှဆေးစစ်ချက်အရ ဦးခွံရိုးကျိုးပြီး ဦးနှောက်အမှေးအောက် သွေးယိုစီး၍ သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ရေနံ့သာနယ်မြေရဲစခန်းတွင် (ပ)၂၄/၂ဝ၁၈၊ ရာဇ သတ်ကြီးပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့် မတ္တရာ မြို့နယ်၊ အောင်ချမ်းသာရွာ ဆည်မြောင်းရပ်ကွက်နေ အသက် ၃ဝ အရွယ် ကိုထွေးထံ သွားရောက်ရာမှ ပျောက် ဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးချက်အရ ကိုထွေးဆိုသူမှာ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၅ နာရီ ခွဲ အချိန်၊ မတ္တရာမြို့နယ်၊ တံငါတော်ရွာ၊ ဒန်ကိုဆီဆိုင်အနီး ဆိုင်ကယ်မှောက်ခဲ့ပြီး မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသ ထားခဲ့ရာမှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်တွင် ပါရှိသည်။

ကိုထွေးဆိုသူနှင့် အတူတွေ့ရှိခဲ့သော ဆိုင်ကယ်မှာ မခင်ကြူကြူသင်း စီးခဲ့သည့် ဆိုင်ကယ်ဖြစ်သဖြင့် လက်ရှိ တွင် မန္တလေးတိုင်းအကူတပ်ဖွဲ့ခွဲနှင့် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ စုံးစမ်းစစ်ဆေးနေ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly