YBS ၂၀ပေါ်တွင် ခရီးသည်ချင်းစကားများခဲ့သော အမျိုးသားကို ရုံးထုတ်စစ်ဆေးမည်

YBS ၂၀ပေါ်တွင် ခရီးသည်ချင်းစကားများခဲ့သော အမျိုးသားကို ရုံးထုတ်စစ်ဆေးမည်
ဓာတ်ပုံ-YBS 20

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။           ။ YBS ၂၀ ပေါ်တွင် ခရီးသည်များနှင့်စကားများကာ Omnifocus ကုမ္ပဏီအား ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်သည့်စကားများ ပြောဆိုခဲ့သည်ဆိုသော အမျိုးသားတစ်ဦးအား လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ဗိုလ်တစ်ထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

၎င်းကိစ္စရပ်ကို အမှုဖွင့်ရာတွင် တရားသူကြီးကို ဦးတိုက်လျောက်ထားကာ တရားသူကြီးမှ ဗိုလ်တစ်ထောင် မြို့နယ်ရဲကို ပြန်လည် တာဝန်ပေးထားသည်ဟု Omni Focusကုမ္ပဏီမှ မန်နေဂျာ ဦးစန်းယုက ဆိုသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ရက်နေ့ နေ့လည် ၃နာရီအချိန်ခန့်က ဗိုလ်တစ်ထောင်မြို့နယ်၊ အမျိုးသားစီမံခန့်ခွဲမှု နည်းပညာကောလိပ်အရောက်တွင် တာမွေဈေးမှတ်တိုင်မှတက်ရောက်လာသူအမျိုးသားတစ်ဦးက ခရီးသည်များသည် မုန့်များစားပြီး ကားပေါ်တွင် တစ်ရှူးများ၊ အခွံများလွတ်ပစ်ထားကြောင်း၊ ကားတန်ဖိုးမှာ သိန်း ၈၈၀ရှိကြောင်း၊ ပိုက်ဆံနှစ်ရာဖြင့်အမှိုက်ဖွ၊ ကွမ်းတံတွေးထွေးသွားကြကြောင်း ကားနှင့်မတန်ကြောင်း ပြောဆိုခဲ့သည်ကို YBS ၂၀ကားပေါ်ပါ စီစီတီဗီမှ တွေ့ရသည်။

ထို့ပြင် ၎င်းဘတ်စ်ကားကို ပိုင်ဆိုင်ကြောင်း၊ ကုမ္ပဏီနှင့်ပတ်သတ်သူဖြစ်ကြောင်း၊ ပြောဆိုခဲ့သည့်အပြင် ခရီးသည်အမျိုးသမီးနှင့်စကားများရာ အမျိုးသမီးက ဓာတ်ပုံရိုက်သည်ကိုပါ လက်ဖြင့် ပုတ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များအတွက် ကုမ္ပဏီ၏ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ မမှန်မကန် လုပ်ကြံလိမ်လည် ပြောဆိုခြင်းများ ြ့ပုလုပ်ခဲ့သော လူမှုကွန်ယက်တွင်ဖော်ပြခြင်းခံရသည့်အမျိုးသားအား ဥပဒေအရ အရေးယူပေးပါရန်ဟု ဇန်နဝါရီ ၂၆ရက်နေ့ နေ့စွဲဖြင့် အမှုဖွင့်ဆိုသည့်စာတွင် မန်နေဂျာ ဦးစန်းယု လက်မှတ် ရေးထိုးလျှောက်ထားခဲ့သည်။

လက်ရှိအချိန်တွင် ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှ  ပ/၅၂/၂၀၁၈ ဖြင့် အမှုကိုလက်ခံထားရှိထားသည်။

YBS ၂၀ သည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ သိမ်ဖြူ၊ တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် တို့ကိုဖြတ်ကာ လှိုင်သာယာသို့ ပြေးဆွဲနေပြီး Omnifocus General Service ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်း ဖြစ်ကာ ကုမ္ပဏီမှ YBS ၅၆၊ ၂၀ နှင့် ၈၄ ယာဉ်လိုင်းများအား တာဝန်ယူပြေးဆွဲပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags