နော်ဒစ်နေ့ (Nordic Day) ဆိုတာ ဘာလဲ

နော်ဒစ်နေ့ (Nordic Day) ဆိုတာ ဘာလဲ

 

 

 

“နော်ဒစ်နေ့ (Nordic Day) ကို နော်ဒစ်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နိုင်ငံ သံတမန်များက ဦးဆောင်ကျင်းပလာခဲ့သည်မှာ ၃ နှစ်ရှိခဲ့ပါပြီ။ မြန်မာပြည်သူများအား နော်ဒစ်နိုင်ငံများ၏ အလေးထား တန်ဖိုးထားမှုများကို ပိုမိုကျယ်ပြန့်စွာ သိရှိစေရန် ရည်ရွယ်ပြီး နော်ဒစ်နေ့ကို ကျင်းပခြင်းဖြစ်သည်။

ယခုနှစ်အတွက် နော်ဒစ်နိုင်ငံများ၏ စွဲမြဲစွာယုံကြည်သော ကျားမတန်းတူရေး (Gender Equality) အခြေအနေကို ပြည်တွင်း၊ ပြည်ပမြှင့်တင်အလေးထားရန် ရည်ရွယ်ပါသည်။

ကမ္ဘာ့နိုင်ငံတိုင်း၌ နိုင်ငံရေး၊ စီးပွားရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခွင့်အာဏာနှင့် ပတ်သက်လျှင် အမျိုးသမီးများ ပါဝင်နိုင်ခွင့်မှာ နည်းပါးနေသေးသည်။ ဤအခြေအနေသည်   မြန်မာနိုင်ငံသာမက နော်ဒစ်တိုင်းပြည်များ၏ ပကတိ အခြေအနေဖြစ်သည်။

အမျိုးသမီးများအနေဖြင့် လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ခွင့် အခွင့်အလမ်းများကို ဆုံးဖြတ်နိုင်ခွင့်ရှိသည့် နေရာများ၌ ပိုမိုပါဝင်နိုင်ရန် အရေးကြီးပေသည်။ အရေးကြီးသည်မှာ အမျိုးသမီးများ၏ စီးပွားရေးလုပ်ပိုင်ခွင့်နှင့် အလုပ်သမားဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိရန် လိုပေသည်။ ဒီမိုကရေစီနှင့် အခွင့်အရေးများအတွက် အမျိုးသမီးများ ညီမျှစွာပါဝင်ရေးသည် အထူးအရေးကြီးကိစ္စရပ်ပင် ဖြစ်တော့သည်။

ကျွန်တော်တို့၏ အတွေ့အကြုံအရ အားလုံးပါဝင်သော ဆုံးဖြတ်ချက်ချနိုင်သည့် လုပ်ငန်းစဉ်နှင့် ဘက်ပေါင်းစုံအမြင်နှင့် အသိပညာများကို ခြုံငုံသုံးသပ် ဆုံးဖြတ်ချက် ချနိုင်ခြင်းသည် ပိုမိုတရားဝင် ထိရောက်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း သေချာနေပါသည်။ သုတေသန တွေ့ရှိချက်များအရ အမျိုးသား အမျိုးသမီးများ အားလုံးပါဝင် ဆုံးဖြတ်လုပ်ကိုင်ခြင်းများသည် အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း၊ အဂတိကင်းစင်မှုနှင့် မြင့်မားသော စွမ်းဆောင်ရည်ရှိခြင်း၊ တာရှည်ခံနိုင်သော ငြိမ်းချမ်းရေး သဘောတူညီချက်များ ရှိခြင်းတို့ကို တွေ့ရှိရပေမည်။

မြန်မာနိုင်ငံ၌ ကျားမတန်းတူညီမျှရေး ခြေလှမ်းသစ်များကို စတင်တွေ့ရှိနေရပေသည်။ ပြည်ထောင်စုနှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များ၌ အမျိုးသမီးလွှတ်တော်အမတ်များ ပိုမိုပါဝင်လာသည်ကို ၂၀၁၅ ရွေးကောက်ပွဲအပြီး တွေ့မြင်နေရသည်။

အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) လုပ်ငန်းများ အသက်ဝင်လာသည်ကို တွေ့နေရသည်။ ဤတိုးတက်လာမှုများကို ရေရှည်တည်တံ့သည့် အပြောင်းအလဲများအဖြစ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်။ နော်ဒစ်နိုင်ငံများသည် မြန်မာများနှင့် အတူလက်လွဲ၍ ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဤအခွင့်အရေး ခိုင်မာစွာရရှိစေရန် သက်ဆိုင်သောလှုပ်ရှားမှုများ၊ သုတေသန သုံးသပ်ချက်များကို တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်သည်။

အခြေပြုအဖွဲ့များအတွင်း အမျိုးသမီးများ၏အသံများ ပိုမိုကျယ်လောင်စွာ ပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမျိုးသမီးများ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်မှု ထောက်ပံ့ရေး၊ စီးပွားရေးကဏ္ဍ၌ အမျိုးသမီးများ လုပ်ငန်းရှင် စွမ်းဆောင်ရှင်များ ပိုမိုပေါ်ထွက်ရေး၊ ဒေသန္တရအစိုးရများ၌ ကျေးလက်နေအမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးတို့ကို ဆက်လက်ထောက်ပံ့ အားပေးသွားမည့်အပြင် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်မှု မူဝါဒဆိုင်ရာ ဒိုင်ယာလော့များ ဆက်လက်ပြုလုပ် ဖော်ဆောင်သွားပေမည်။

ကျားမတန်းတူညီမျှရေးအတွက် ဖြတ်လမ်းမရှိပေ၊ နိုင်ငံရေးနှင့် စီးပွားရေးအာဏာ တည်ဆောက်ပုံများက မညီမျှမှုများကို ဖြစ်စေသည့်အပြင် လူမှုရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအချို့ကလည်း ကျားမတန်းတူရေးအတွက် အဟန့်အတားများ ဖြစ်စေသည်။ ဤမညီမျှမှုများကို ပြောင်းလဲပစ်ရန် လူူမှုအသိုင်းအဝိုင်းတွင် အရေးပါ ပါဝင်ပတ်သက်သူများ၏ ရေရှည်တာဝန်ခံ ပါဝင်ပတ်သက်မှု ဆုံးဖြတ်ချက် ခိုင်မာမှုတို့ လိုအပ်သည်။ တိုးတက်မှုများ ဖြစ်နိုင်သည်ကို ကျွန်တော်တို့ သေချာစွာ သိထားပါသည်။ အမျိုးသားများက ဤလုပ်ငန်းစဉ်တွင် အဓိကမောင်းနှင်ပါဝင်နိုင်ပြီး တာဝန်သိသော ပြုပြင်ပြောင်းလဲမှုများအဖြစ် ပါဝင်နိုင်သည်။

ကျားမတန်းတူညီမျှရေးသည် လူတိုင်း၏ အရေးကိစ္စဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် ဤအခါသမယ၌ လူတိုင်းကို ဖိတ်ခေါ်လိုသည်မှာ မိမိတို့၏ ဆွေမျိုးမိတ်ဆွေ အပေါင်းဖော်များနှင့် အတူလက်တွဲ၍ ကျားမတန်းတူညီမျှရေး ရည်မှန်းချက် အောင်မြင်စေရန် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

Mr Peter Lysholt Hansen - ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး

Ms Riika Laatu - ဖင်လန်နိုင်ငံ သံအမတ်ကြီး

Ms Tone Tinnes - နော်ဝေနိုင်ငံ သံအမတ်ကြီး

Mr Johan Hallenborg - ဆွီဒင်နိုင်ငံ သံရုံးတာဝန်ခံ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly