ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်းဖြတ်နေ

ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်းဖြတ်နေ
(၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ သမိုင်းအထောက်အထား အချက်အလက်များ ပြည့်စုံသည်ဟုဆိုသော ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိ မူကြမ်းစာအုပ်ကို ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည်းဖြတ်နေပြီး အဆိုပါ စာအုပ်သည် ယခုနှစ်အတွင်း ထွက်ရှိလာမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ပြည်တွင်း၊ ပြည်ပမှ အချက်အလက်၊ အထောက်အထားများကို ရနိုင်သမျှ စုဆောင်းပြီး သမိုင်းအဖွဲ့က ရေးသားထားသည့် အဆိုပါ အထ္တုပ္ပတ္တိ စာအုပ်မူကြမ်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားခြင်းဖြစ်သည်ဟု သူရဦးအောင်ကိုက ဖေဖော်ဝါရီ ၈ရက်တွင် သတင်းထောက်များကို ပြောသည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကလည်း ဒီလောက် လုပ်ငန်းတာဝန် များပြားတဲ့ကြားထဲက ညစဉ် သူနိုင်သလောက်ကို ၁၀မျက်နှာပြီး ၁၀မျက်နှာ၊ စာမျက်နှာ ၅၀ပြီးရင် ၅၀၊ ဖတ်ရှုပြီးတော့မှ အဲ့ဒါကို နည်းနည်းလေး Edit(တည်းဖြတ်)လုပ်နေပါတယ်။ အခုဆိုရင် တစ်ဝက်ကျော်လောက် ပြီးပြီလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည့် ၁၉၄၇၊ ဇူလိုင် ၁၉ရက်တွင် သမီးဖြစ်သူ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အသက်မှာ ၂နှစ်နှင့် ၁လတိတိ အရွယ်သာ ရှိသေးသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိမူရင်းစာအုပ်ကို ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် ၁၉၅၄ခုနှစ်လောက်ကတည်းက စတင်ရေးသားခဲ့သော်လည်း မပြီးပြတ်ခင် ၁၉၆၁၊ ၁၉၈၈၊ ၁၉၈၉ခုနှစ် စသည့် နိုင်ငံရေးအပြောင်းအလဲများတွင် ဆိုင်းငံ့ခံခဲ့ရပြီး ယခု ဒီမိုကရေစီအစိုးရလက်ထက်ရောက်မှ ပြည်သူများနှင့် သမိုင်းပညာရှင်များ၏ တောင်းဆိုမှုကြောင့် ပြန်လည် ရေးသားခဲ့ခြင်းဖြစ်သည်ဟုလည်း သူရဦးအောင်ကိုက ပြောကြားသည်။

ထွက်ရှိလာမည့် ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိ စာအုပ်၏ သမိုင်းတန်ဖိုးသည် ရေးသား၊ ပြုစုသူများ၏ သမာသမတ်ကျမှုအပေါ်တွင် မူတည်မည်ဟု စာရေးဆရာ ညီပုလေးက မှတ်ချက်ပြုသည်။

“ပြုစုတဲ့သူတွေ ဘယ်လောက်ထိအောင် သမာသမတ်ကျကျနဲ့ ပြုစုထားသလဲ။ အဲ့ဒီအပေါ်မှာ သမိုင်းတန်ဖိုးက အနည်းအများ ဖြစ်လာမှာပဲဗျ။ နှစ်ပေါင်းများစွာ မပြုစုခဲ့ရဘူး။ ဒီကြားထဲက သိမှီလိုက်တဲ့ တချို့ပုဂ္ဂိုလ်တွေလည်း ရေးတယ်။ ရေးတဲ့သမိုင်းကိုမှ စိစစ်ရေးဆိုတဲ့သမိုင်းကို ဖြတ်သန်းရတယ်။ အခုတော့ စိစစ်ရေး မရှိတော့ဘူးပေါ့ဗျာ။ ဒီလို စိစစ်ရေးမရှိတဲ့အခါ နောက်ထပ် အသစ်ဘာတွေများ ရနိုင်သေးတုန်းပေါ့။ ဘယ်သူတွေ ပြုစုတာတုန်းပေါ့။ အဲ့ဒီအပေါ်မှာ ဒီစာအုပ်ရဲ့ တန်ဖိုးက မူတည်မယ်” ဟု ညီပုလေးက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

နောက်ထပ် စာရေးဆရာတစ်ဦးဖြစ်သည့် ဇော်ထိန်ကလည်း ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိစာအုပ် ထွက်ရှိလာမည့်အပေါ် ကြိုဆိုလိုက်ပြီး ဗိုလ်ချုပ်တို့ခေတ်က နိုင်ငံရေးအခြေအနေနှင့် ဗိုလ်ချုပ်၏ နိုင်ငံရေးဖြေရှင်းနည်းတို့ကို ယခုခေတ် အခြေအနေနှင့် အပြန်အလှန် နှိုင်းယှဉ်စဉ်းစားစရာ ရလာနိုင်သည်ဟု သူ့အမြင်ကို ပြောသည်။

“ဗိုလ်ချုပ် တွေ့ကြုံခဲ့တဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒီနေ့ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကကော တူသလားပေါ့။ တူတယ်ဆိုရင် ဘယ်လိုဖြေရှင်းရမလဲ။ မတူဘူးဆိုရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ စဉ်းစားစရာနည်းလမ်း ရနိုင်တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

၂၀၁၉ခုနှစ်တွင် အပြီးသတ် ရိုက်ကူးရန် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားတွင်လည်း အဆိုပါ အထ္တုပ္ပတ္တိစာအုပ်မှ အချက်အလက်များဖြင့် ဇာတ်ညွှန်းရေးသွားမည်ဟု သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly