ရခိုင်ပြည်နယ်မှ မသန်စွမ်းသူတွေကို ခြေတု အခမဲ့လှူဒါန်း

ရခိုင်ပြည်နယ်မှ မသန်စွမ်းသူတွေကို ခြေတု အခမဲ့လှူဒါန်း
ဓာတ်ပုံ - ညွှန့်ဝင်း /အီးပီအေ

ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူတွေကို  ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့ လည်ပိုင်းက စစ်တွေမြို့ ဥတ္တမခန်းမှာ အခမ်းအနားပြုလုပ်ကာ ခြေတုတွေအခမဲ့ ပေးအပ်ခဲ့ပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် LDSC (Latter-Day Saint Sharities) အဖွဲ့တို့က ပူးပေါင်းကာ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ဒီလိုလှူဒါန်းတာဟာ ရခိုင်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အခြေအနေတွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ဘဝ တွေဟာ ဆိုးဆိုး ဝါးဝါးနိမ့်ကျနေပြီး တစ်လမှာမှ ငွေကျပ်တစ်သောင်းခန့် သာရရှိတဲ့သူတွေ ရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲခရိုင် ၃ ခုမှာ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး သုတေသနလုပ်တဲ့ အခါ မှာ အဲဒီခရိုင် ၃ ခုထဲမှာ မသန်စွမ်းသူပေါင်း ၃၃၄ ဦးကို မေးမြန်းခဲ့ပြီး လူမျိုးဘာသာ မရွေးဘဲ မြို့ ၃ မြို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်ကို သွားရောက်ဆန်းစစ်တာတွေပြုလုပ်ပြီးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူဦးရေ ၁၁၂၁၇၉ ဦးရှိပြီး ရခိုင်နှုန်းအနေနဲ့ ဆိုရင် လက်ရှိလူဦးရေရဲ့ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ လူမှုရေးဝန်ကြီး   ဒေါက်တာချမ်းသာက အမှာစကားပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီအထဲမှာတော့သွားလာလှုပ်ရှားမှုခက်ခဲသူ ၄၉၉၈၀ ဦး၊ အမြင်အာရုံ မသန်စွမ်းသူ ၆၅၅၇၆ ဦး၊ အကြားအာရုံမသန် စွမ်းသူ ၄၀၆၆၀ ဦးနှင့် ဉာဏ်အာရုံမသန်စွမ်းသူ ၅၄၅၅၀ ဦး တို့ဖြစ်ပါဝင်တယ်လို့လည်း သိရပါတယ်။

မသန်စွမ်းသူတွေထဲမှာ ပြင်းထန်တဲ့မသန်စွမ်းသူ ၅၅ ရာခိုင်နှုန်းထိရှိပြီး ၉၉ ရာခိုင်နှုန်းမှာ အခက်အခဲများစွာရှိပြီး ကျား၊ မ မရွေးဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။

ဒါအပြင် မသန်စွမ်းသူတွေအနေနဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် စတဲ့ကိစ္စရပ်တွေမှာလည်း အခက်အခဲများစွာ ရှိနေကြပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က တတ်နိုင်သလောက် လုပ်ဆောင်ပေးကာ အခုဆိုရင် မသန်စွမ်းသူ ၁ သောင်းကျော်ကို ပြုစုစောင့်ရှောက်မူတွေပြုလုပ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly