“မင်းတို့ ထမင်းဝအောင်စား”စာသားဖြင့် သေနတ်သမား ကြည်လင်းအား ဝန်းရံခဲ့သူ ၄ ဦးကို ဖမ်းဝရမ်းထုတ်

“မင်းတို့ ထမင်းဝအောင်စား”စာသားဖြင့် သေနတ်သမား ကြည်လင်းအား ဝန်းရံခဲ့သူ ၄ ဦးကို ဖမ်းဝရမ်းထုတ်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။           ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်းအား “မင်းတို့ ထမင်းဝအောင်စား”စာသားပါ အင်္ကျီဝတ်ဆင်ခြင်းဖြင့် ဝန်းရံခဲ့သူ ၄ ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း  အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက မဇ္ဈိမသို့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီ၊ ၂၁ မိနစ်တွင် ပြောသည်။

အဆိုပါ ဝန်းရံခဲ့သူ ၄ ဦးကို  ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ရာဇဝတ်မှုကြီးအမှတ်- ၁၈၄/၂ဝ၁၈ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝန်းရံခဲ့သူ ၄ ဦးကို နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်စေသော ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝ၅(ခ)၊ ပြည့်သူဝန်ထမ်းကို နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်းပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၈၉ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းသည်။

ထိုသို့ အမှုဖွင့်တိုင်ကြားခဲ့မှုနှင့်ပတ်သက်ပြီး တရားသူကြီးက ဖမ်းဝရမ်းကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့အား ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ တရားစွဲတဲ့အခါကျတော့ ရန်ကုန်တိုင်းဒေသကြီးအဆင့် တိုင်းအဆင့်ရဲတပ်ဖွဲ့ဝင်အားလုံးကို ဖမ်းဝရမ်း ဒီနေ့ ထုတ်ပေးလိုက်ပြီ။ ဖမ်းဝရမ်းပြန်သွင်းမယ့်နေ့က ၁၄ ရက်နေ့လို့သိရတယ်”ဟု အဆိုပါ အမည်မဖော်လိုသူရှေ့နေက ပြောသည်။

ထိုသို့ တရားစွဲတိုင်ကြားခဲ့ခြင်းမှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည့် အမှုကိုအနှောက်အယှက် ပေးခြိမ်းခြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ခံထားရသည့် ၄ ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင် တရားရုံး၌ သေနတ်သမားကြည်လင်အား လာရောက်ဝန်းရံခဲ့ခြင်းဖြစ်ပြီး “မင်းတို့ ထမင်းဝအောင်စားထား ”ဟူ သော စာသားပါသည့် အင်္ကျီကို တစ်ဦးကဝတ်ဆင်းထားသည့်အပြင် အဆိုပါ အင်္ကျီများကို ကြည်လင်း အပါအဝင် ၄ ဦးအား ပေးခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly