ဒီရေတောများကို ဒရုန်းနည်းပညာအသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရန်သရုပ်ပြ

ဒီရေတောများကို ဒရုန်းနည်းပညာအသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရန်သရုပ်ပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။          ။ ဒရုန်းဖြင့် ဒီရေတောများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးသွားရန်အတွက် "ဒရုန်းအသုံးပြုပြီးဒီရေတောများ ပြန်လည်ထိမ်းသိမ်းခြင်းနည်းစနစ်များ"ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားကျေးရွာ၌ ယနေ့ဖေဖော်ဝါရီလ ၇ရက်နေ့တွင် သရုပ်ပြ၊ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဒရုန်းဖြင့် ဒီရေတောများကိုစိုက်ပျိုးရာတွင် လူများထက် ပိုမိုလျှင်မြန်စွာစိုက်ပျိုးနိုင်ခြင်း၊ ဒီရေတောများကို အပေါ်စီးမှရေတွက်ကြည့်ရူ့နိုင်ခြင်း၊ မြေပြင်အနေအထားများကို စီမံခန့်ခွဲဆုံးဖြတ်နိုင်ခြင်းတို့ကို   ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Worldview International Foundation (WIF)က ရှင်းလင်းပြသခဲ့သည်။

"စိုက်ပျိုးဖို့ ဒရုန်းကိုအမြင့်ပေ ၂မီတာက ပျံသန်းခိုင်းပြီး တစ်စက္ကန့်အတွင်း အစေ့၂စေ့ကို စိုက်ပျိုးချနိုင်ပါတယ်၊ ဒီလိုနည်းလမ်းနဲ့ ၁ဧကကို ၈မိနစ်အတွင်းမှာ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်၊   နောက်ပြီးကျွန်မတို့က   ခြောက်သွေ့နေတဲ့ အစေ့တွေကိုလည်းခွဲခြားနိုင်မှာဖြစ်သလို ဒီအမြန်နူန်းနဲ့ဆိုရင် အပင်ပေါင်းထောင့်တစ်ရာကို တစ်နေ့တည်းနဲ့စိုက်ပျိုးနိုင်မှာပါ"ဟု Worldview International Foundation (WIF)မှ ဝန်ထမ်းတစ်ဦးက ဒရုန်းနဲ့ပတ်သတ်ပြီး ပြောပြသည်။

နှစ်စဉ် အပင်သိန်း ၆၀စိုက်ပျိုးနိုင်ပြီး သန်း ၁၅၀ကို အစိုးရကစိုက်ပျိုးရန် ဆုံးဖြတ်ထားသည့်အတွက် လူအားဖြင့် အသုံးပြုစိုက်ပျိုးမည်ဆိုလျှင် နှစ်၂၀၀ ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကမ္ဘာ့ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်၏ အထွေထွေညွှန်ကြားရေးမှူး Mr.Erik Solheimတို့တက်ရောက်ခဲ့ကြသည်။

ဒရုန်းနည်းပညာဖြင့် ဒီရေတော်များကို စိုက်ပျိုးခြင်းအားဖြင့် ထိထိရောက်ရောက် အကျိုးရှိစေနိုင်မည်ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

"ဒီရေရောက်တောတွေကို နောက်နှစ်မှစိုက်မှ မဟုတ်ဘူး။ အခုစိုက်မှာပါ။ အခုစိုက်ဖို့အတွက်ကျွန်တော်တို့ ခရမ်း၊ သုံးခွ၊ ကျောက်တန်းဘက်တစ်ကြောမှာ ဒီရေရောက်တောတွေ စိုက်နိုင်တဲ့မြေလွတ်မြေရိုင်း   တော်တော်များများကို ကျွန်တော်တို့ ကြိုးပြင်၊ ကြိုးဝိုင်းသတ်မှတ်ဖို့အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တစ်ဖက်ကနေလည်း ထိမ်းသိမ်းမှုတွေလုပ်ပြီးတော့ လစ်လပ်နေရာတွေမှာ ထပ်စိုက်ဖို့အတွက် ဆောင်ရွက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုနှစ် ၂၀၁၈ခုနှစ်အတွင်း ဒီရေတော ဧကတစ်သောင်းကျော်ကို သစ်တော်ကြိုးဝိုင်းအဖြစ် စိုက်ပျိုးရန်နှင့် မြေပုံများကို အသေးစိတ်စီစဉ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly